Myanmar Digital News

အွန်လိုင်းလိမ်လည် လောင်းကစားမှုများ တိုက်ဖျက်ရာတွင် နိုးကြားတက်ကြွစွာပါဝင်

ကမ္ဘာတစ်ဝန်း ရာဇဝတ်မှုခင်းကျူးလွန်မှုများတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများမှာ ဝင်ငွေအကောင်းဆုံးရရှိကြသည့် ရာဇဝတ်မှုများဖြစ်ကြသည်။ ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာအရ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုက ဝင်ငွေအများဆုံးဖြစ်နေဆဲဖြစ်သော်လည်း အရှေ့တောင်အာရှဒေသတွင်း၌မူ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ၏ ဝင်ငွေက မူးယစ်ဆေးဝါးဈေးကွက်ကို ကျော်တက်သွားပြီဖြစ်သည်ဟု သိရသည်။

 

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၂၆ ခုနှစ် အစီရင်ခံစာနှင့် နိုင်ငံတကာသုတေသနအချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံဝန်းကျင်ရှိပြီး အရှေ့တောင်အာရှဒေသတွင်း ဆုံးရှုံးမှုမှာ ဒေါ်လာ ၈၈ ဒသမ ၃ ဘီလီယံမှ ၁၁၄ ဒသမ ၁ ဘီလီယံခန့်အထိရှိသည်ဟု ခန့်မှန်းထားကြသည်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ တန်ဖိုးအားဖြင့် ကမ္ဘာလုံးဆိုင်ရာပမာဏ ဒေါ်လာ ၆၃၀ ဘီလီယံမှ ၉၄၅ ဘီလီယံအထိရှိမည်ဟု ခန့်မှန်းထားပြီး အရှေ့တောင်အာရှဒေသတွင်း ရောင်းဝယ်မှုမှာ ဒေါ်လာ ၇၅ ဘီလီယံမှ ၁၀၉ ဒသမ ၇ ဘီလီယံအထိရှိမည်ဟု ခန့်မှန်းထားကြသည်။ လူကုန်ကူးမှုသည် အရှေ့တောင်အာရှဒေသတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။

 

အရှေ့အာရှနှင့် အရှေ့တောင်အာရှ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ရှိ သားကောင်များထံမှ အွန်လိုင်းငွေလိမ်လုပ်ငန်းများကြောင့် ဆုံးရှုံးမှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁၈ ဘီလီယံမှ ၃၇ ဘီလီယံကြားရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၁၁၄ ဒသမ ၁ ဘီလီယံအထိ ခုန်တက်သွားပြီး ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးဈေးကွက်တန်ဖိုးထက် ကျော်လွန်သွားခဲ့သည်ဟုဆိုသည်။ လေ့လာချက်တစ်ရပ်အရ မဲခေါင်ဒေသစီးပွားရေးနှင့် နှိုင်းယှဉ်ပါက မဲခေါင်သုံးနိုင်ငံဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများအတွင်းရှိနေသည့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများမှ ရရှိသည့်ဝင်ငွေသည် အဆိုပါသုံးနိုင်ငံပေါင်း တရားဝင်ဂျီဒီပီ၏ ၄၀ ရာခိုင်နှုန်းနှင့်ညီမျှနေသည်ဟုလည်း သိရသည်။ လူကုန်ကူးမှုသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပေါင်းစပ်သွားရာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းငွေလိမ်လုပ်ငန်းများ သို့ လူကုန်ကူးခံရသူ ၇၄ ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှသို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုသည် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများနှင့် နှိုင်းယှဉ်ပါက ခက်ခဲမှုမရှိဘဲ ကုန်ကျစရိတ်နည်းပြီး အမြတ်များသဖြင့် အင်တာနက်နှင့် ခရစ်ပ်တိုငွေကြေး (Cryptocurrency) တို့ကို အသုံးပြုကာ တစ်ကမ္ဘာလုံးသို့ အချိန်တိုအတွင်း လိမ်လည်နိုင်သည့်အတွက် ဒုစရိုက်ဂိုဏ်းများက အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားဘက်သို့ ကူးပြောင်းလာကြသည်။

 

နိုင်ငံတော်အစိုးရသည် မိမိပြည်သူများကိုသာမက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို အလှမ်းဝေးသည့် နယ်စပ်ဒေသများမှာရော ပြည်တွင်း၌ပါ ထိထိရောက်ရောက်ရှာဖွေဖော်ထုတ် တိုက်ဖျက်လျက်ရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များဖြစ်သော မရမ်းကုန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းကိုင်မြို့နယ် လုံစံကျေးရွာအနီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ် မိုင်းနောင်မြို့ ဝမ်ပုံကျေးရွာအနီးတို့တွင်လည်းကောင်း တရုတ်နိုင်ငံသားများ၊ ထိုင်းနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများပါဝင်သည့် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

 

 အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ကိုင်သူများသည် ပြည်ပမှ တရားမဝင်သောနည်းလမ်းဖြင့် ခိုးဝင်လာကာ နယ်စွန်နယ်ဖျားဒေသများတွင် ယာယီလူနေတဲများ၊ လုပ်ငန်းသုံးတဲများ ဆောက်လုပ်၍လည်းကောင်း၊ မြို့ပေါ်တွင်တိုက်ခန်းများ၊ တိုက်အိမ်များ၊ ကွန်ဒိုများတွင်လည်းကောင်းနေထိုင်ကာ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကို ကျူးလွန်နေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် မိမိမြေပေါ်တွင် ခိုးဝင်လာရောက်လုပ်ကိုင်ကြသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများကြောင့် နိုင်ငံ၏ပုံရိပ်နှင့် ဂုဏ်သိက္ခာတို့ ညှိုးနွမ်းထိခိုက်နေရသည်။ မိမိနိုင်ငံသားများအပါအဝင် အိမ်နီးချင်း၊ ဒေသတွင်းနှင့် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများမှ နိုင်ငံသားများမှာ အွန်လိုင်းလိမ်လည်မှုများ၏ သားကောင်၊ လူကုန်ကူးမှုများ၏ သားကောင်ဘဝသို့ကျရောက်ကြရပြီး လူမှုစီးပွားဘဝများ ဆုံးရှုံးမှုများဖြစ်ပေါ်နေကြရသည့်အလျောက် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို ရှာဖွေဖော်ထုတ်ခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်သူတစ်ရပ်လုံးကလည်း နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်တိုက်ဖျက်ကြရပါမည့်အကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News