Myanmar Transparency News

ဗီယက်နမ်၏ မြို့တော်ဟနွိုင်းတွင် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် စားသောက်ဆိုင်ပြိုကျရာမှ ၆ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရ

သက်တံ့

၂၅. ၁၁. ၂၀၂၆

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းရှိ ငုယင်ဗန်တုယက်လမ်း (Nguyen Van Tuyet Street) တွင် ဂက်စ်အိုးပေါက်ကွဲသည့် မတော်တဆမှုကြောင့် ထိခိုက်နစ်နာသူ စုစုပေါင်း ၁၆ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၆ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ဟနွိုင်းမြို့ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီအထိ ဒေါင်ဒါရပ်ကွက် (Dong Da ward)၊ ငုယင်ဗန်တုယက်လမ်းတွင် ဖြစ်ပွားခဲ့သည့် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် ထိခိုက်သူ ၁၆ ဦး ရှိခဲ့ခြင်းဖြစ်သည်။

ယင်းတို့အနက် အသက် ၃၉ နှစ်မှ ၆၂ နှစ်အတွင်းရှိသူ ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ ဦးကိုမူ အရေးပေါ်ကုသမှုနှင့် အထူးကြပ်မတ်ကုသမှုများ ပေးအပ်လျက်ရှိရာ ဆန်ပွန်အထွေထွေရောဂါကုဆေးရုံ (Xanh Pon General Hospital) တွင် ၄ ဦး၊ ဒေါင်ဒါအထွေထွေရောဂါကုဆေးရုံတွင် ၂ ဦးနှင့် ဟနွိုင်းဆေးတက္ကသိုလ်ဆေးရုံတွင် ၄ ဦးတို့ အသီးသီး တက်ရောက်ကုသမှု ခံယူနေကြသည်။

အဆိုပါနေ့မှာပင် ဟနွိုင်းကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ငုယင်ဒင်ဟန် (Nguyen Dinh Hung) က ဒေါင်ဒါအထွေထွေရောဂါကုဆေးရုံ၊ ဆန်ပွန်အထွေထွေရောဂါကုဆေးရုံ၊ ဗီယက်ဒတ်ချစ်ကြည်ရေးဆေးရုံနှင့် ဟနွိုင်းဆေးတက္ကသိုလ်ဆေးရုံတို့မှ ဆေးရုံအုပ်ကြီးများထံသို့ လူနာများအား အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အာရုံစိုက်ဆောင်ရွက်ကြရန် အရေးပေါ်ညွှန်ကြားစာ ပေးပို့ခဲ့သည်။

ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ဆေးရုံများအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေး၊ အသက်ကယ်ပြုစုရေးနှင့် ခွဲစိတ်ကုသမှုများအတွက် လူအင်အား၊ ဆေးဝါး၊ သွေးနှင့် သွေးထွက်ပစ္စည်းများ၊ အကြောဆေးရည်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများကို အမြင့်ဆုံးအထိ စုစည်းအသုံးပြုကြရန် တောင်းဆိုထားသည်။

ထို့ပြင် သေဆုံးမှုနှုန်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကို အနည်းဆုံးဖြစ်စေရန်အတွက် အရည်အချင်းပြည့်ဝသော ဆရာဝန်များနှင့် သူနာပြုများကို တိုက်ရိုက်ကုသမှုပေးရန် စီစဉ်ထားရှိရမည် ဖြစ်သည်။

ယင်းအပြင် ဆေးရုံများအနေဖြင့် စိုးရိမ်ရသည့် အခြေအနေရှိသူများနှင့် ဒဏ်ရာအများအပြားရရှိထားသည့် လူနာများအတွက် ဆေးရုံတစ်ခုလုံးဆိုင်ရာ၊ ဌာနအချင်းချင်းဆိုင်ရာနှင့် ဆေးရုံအချင်းချင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ကုသမှုများ ပြုလုပ်ရမည်ဖြစ်ပြီး မိမိတို့ဆေးရုံ၏ ကုသနိုင်စွမ်းထက် ကျော်လွန်ပါက အထက်အဆင့် သို့မဟုတ် ထိပ်တန်းအထူးကုဆေးရုံများထံမှ ပညာရပ်ဆိုင်ရာ အကူအညီများကို စောလျင် တက်ကြွစွာ တောင်းခံရမည်ဖြစ်သည်။

ကျန်းမာရေးဦးစီးဌာနက ဆေးဘက်ဆိုင်ရာဌာနများအား ၂၄ နာရီပတ်လုံး အရေးပေါ်တာဝန်ကျ ဝန်ထမ်းများ ထားရှိရန်၊ ဘေးကင်းလုံခြုံသော လူနာလွှဲပြောင်းရေး အစီအစဉ်များ အသင့်ပြင်ဆင်ထားရန်၊ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အဆင်ပြေချောမွေ့စေရန်နှင့် လူနာများအတွက် ရပိုင်ခွင့်နှင့် မူဝါဒများကို သေချာစွာ ဆောင်ရွက်ပေးရန်တို့ကိုလည်း ညွှန်ကြားခဲ့သည်။

သက်ဆိုင်ရာဌာနများအနေဖြင့် လူနာစာရင်းများကို ပြန်လည်စိစစ်ခြင်း၊ ထိခိုက်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေကို ဟနွိုင်းကျန်းမာရေးဦးစီးဌာနသို့ ပုံမှန်အစီရင်ခံတင်ပြခြင်းနှင့် ဟနွိုင်းပြည်သူ့ကော်မတီသို့ တင်ပြခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည်။

ယင်းဖြစ်စဉ်မတိုင်မီ နိုဝင်ဘာ ၂၄ ရက် နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင် ဟနွိုင်းမြို့တော်ရဲတပ်ဖွဲ့ ကွပ်ကဲမှုသတင်းအချက်အလက်စင်တာသို့ ဒေါင်ဒါရပ်ကွက်၊ အမှတ် ၁၆၈၊ ငုယင်ဗန်တုယက်လမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ တာဝန်ရှိသူများ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိစစ်ဆေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှာ တစ်ထပ်စားသောက်ဆိုင်လုပ်ငန်းတစ်ခု ဖြစ်ပြီး အဆောက်အအုံ ပြိုကျပျက်စီးကာအတွင်း၌ လူများ ပိတ်မိနေသည်ကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ကနဦး စစ်ဆေးတွေ့ရှိချက်များအရ ငုယင်ဗန်တုယက်လမ်းမှ E4 တိုက်ခန်းအဆောက်အအုံ အနောက်ဘက်ရှိ တစ်ထပ်စားသောက်ဆိုင် တစ်စိတ်တစ်ပိုင်း ပြိုကျမှုမှာ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် ဖြစ်နိုင်ကြောင်း ယူဆထားသည်ဟု သိရသော်လည်း အသေးစိတ်ဖြစ်စဉ်မှာ စုံစမ်းစစ်ဆေးနေဆဲသာဖြစ်သည်။

Ref: LaoDong

မူရင်းသတင်း — Myanmar Transparency News