Myanmar Transparency News

မြန်မာစုံတွဲအကြား သဝန်တိုသည့် အမျိုးသားက အမျိုးသမီးငယ်အား လည်ပင်းညှစ်သတ်ပြီး အပိုင်းပိုင်းဖြတ်တောက်ကာ အလောင်းဖျောက်မှု ထိုင်းနိုင်ငံတွင် ဖြစ်ပွား

သက်တံ့
၂၅. ၁၁. ၂၀၂၆

ထိုင်းနိုင်ငံ၊ ​ဘန်ကောက်မြို့၊ ဘန်ကပိ (Bang Kapi) မြို့နယ်၊ ဆွိုင်လတ်ဖရောင်း ၁၀၉ (Soi Lat Phrao 109) လမ်းသွယ်အနီးတွင် ချစ်သူအမျိုးသမီး၏ ရုပ်အလောင်းအပိုင်းအစများကို တွေ့ရှိခဲ့ပြီးနောက် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား စမွတ်စခွန် (Samut Sakhon) ပြည်နယ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု The Nation က ဖော်ပြသည်။

​၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ဘန်ကောက်မြို့၊ ဘန်ကပိမြို့နယ်အတွင်း အပိုင်းပိုင်းဖြတ်တောက်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့မှုနှင့် ဆက်စပ်၍ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသား ဗညားစိုးလှိုင်ဆိုသူအား ဘန်ကောက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

​ဆွိုင်လတ်ဖရောင်း ၁၀၉ လမ်းသွယ်၊ လမ်းဆုံ ၅ အနီးရှိ မြေကွက်လပ်တစ်ခု၏ အမှိုက်ပုံဘေးတွင် အိတ်တစ်လုံးအတွင်း ထည့်ထားသည့် အဆိုပါအမျိုးသမီး၏ ရုပ်အလောင်းအပိုင်းအစများကို ဒေသခံများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အနီးအနားရှိ တိုက်ခန်းအဆောက်အအုံတစ်ခုမှ CCTV မှတ်တမ်းများအရ ဗညားစိုးလှိုင်သည် နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် ၎င်း၏အခန်းအတွင်းမှ အိတ်တစ်လုံးကို သယ်ဆောင်ထွက်ခွာသွားသည်ကို တွေ့ရှိခဲ့ရကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားသည်။

​မြို့တော်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဗျူရိုနှင့် လတ်ဖရောင်း (Lat Phrao) ရဲစခန်းမှ တာဝန်ရှိသူများသည် စမွတ်စခွန်ပြည်နယ်၊ ကရထွန်ဘန် (Krathum Baen) မြို့နယ်ရှိ အငှားအိမ်ခန်းတစ်ခုတွင် ၎င်းအား ဖမ်းဆီးရမိခဲ့သည်။ တိုက်ခန်း CCTV မှတ်တမ်းထဲမှ အမျိုးသားမှာ ၎င်းကိုယ်တိုင်ဖြစ်ကြောင်း ဗညားစိုးလှိုင်က ဝန်ခံခဲ့သည်ဟု ရဲအရာရှိများက ဆိုသည်။

​ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းသည် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်မှပြန်လာပြီးနောက် ချစ်သူအမျိုးသမီးနှင့် စကားများရန်ဖြစ်ခဲ့ကြောင်း၊ သဝန်တိုစိတ်ကြောင့် လည်ပင်းညှစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထို့ပြင် အဆိုပါပြစ်မှုကို တစ်ဦးတည်းကျူးလွန်ခဲ့ခြင်းဖြစ်ပြီး သေဆုံးမှုကို ဖုံးကွယ်ရန်အတွက် ရုပ်အလောင်းကို အပိုင်းပိုင်းဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါစုံတွဲသည် ဇနီးမောင်နှံဖြစ်ပြီး အတူနေထိုင်ကြသည်ဟု သတင်းအချို့က ဖော်ပြနေသော်လည်း ရဲတပ်ဖွဲ့ကမူ စုံစမ်းစစ်ဆေးမှုရလဒ်များ အသေးစိတ် ထုတ်ပြန်လာခြင်း မရှိသေးပေ။

Ref: Nation Thailand

မူရင်းသတင်း — Myanmar Transparency News