
■ အသားအရေကို ကျန်းမာလှပပြီး နုပျိုတင်းရင်းနေစေဖို့ အလှကုန်ပစ္စည်းတွေ အသုံးပြုရုံနဲ့ မလုံလောက်ပါဘူး။ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကလည်း အသားအရေရဲ့ ကျန်းမာရေးအပေါ် အရေးပါတဲ့ သက်ရောက်မှုရှိနေပါတယ်။
■ အထူးသဖြင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေ၊ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို စားသုံးပေးခြင်းဟာ အသားအရေတွန့်ခြင်းကို လျှော့ချဖို့၊ Collagen ထုတ်လုပ်မှုကို အထောက်အကူပြုဖို့နဲ့ အသားအရေချောမွေ့စိုပြေစေဖို့ အကျိုးရှိနိုင်ပါတယ်။
■ ဒါ့ကြောင့်အသားအရေကို အကောင်းဆုံးအခြေအနေမှာ ထိန်းသိမ်းနိုင်ဖို့ နေ့စဉ်စားသောက်မှုပုံစံထဲမှာ ထည့်သွင်းသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
■ ၁။ အရောင်အသွေးစုံလင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များသစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အသားအရေကျန်းမာရေးအတွက် အရေးပါတဲ့ အစားအစာတွေ ဖြစ်ပါတယ်။
■ အထူးသဖြင့် အရောင်အသွေးစုံလင်တဲ့ အသီးအနှံတွေမှာ Antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။
■ ဒီဓာတ်တွေဟာ လေထုညစ်ညမ်းမှုနဲ့ နေရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုကို ကာကွယ်ပေးရာမှာ အထောက်အကူပြုပါတယ်။
■ ဥပမာ မုန်လာဥနီ၊ ငရုတ်ပွနီနဲ့ ခရမ်းချဉ်သီးတွေမှာ Carotenoids လို့ခေါ်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ အဲဒီထဲမှာ Lutein၊ Lycopene နဲ့ Beta-carotene တို့ ပါဝင်ပြီး အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
■ ဒါ့အပြင် Beta-carotene ကို ခန္ဓာကိုယ်က Vitamin A အဖြစ် ပြောင်းလဲအသုံးပြုနိုင်ပြီး အရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်ဖို့နဲ့ ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ဖို့ အထောက်အကူပြုပါတယ်။
■ Carotenoids တွေဟာ အသားအရေတင်းရင်းမှုနဲ့ ပျော့ပျောင်းမှုကို ထိန်းသိမ်းပေးတဲ့ Hyaluronic Acid ထုတ်လုပ်မှုကိုလည်း အထောက်အကူပြုနိုင်ပါတယ်။
■ လေ့လာမှုငယ်တစ်ခုမှာ အမျိုးသမီးတွေက Carotenoid ဖြည့်စွက်စာကို ၁၀ လကြာ နေ့စဉ်သောက်သုံးခဲ့ရာ အသားအရေထဲက Collagen နဲ့ Elastin ပမာဏတိုးတက်လာတာကို တွေ့ရှိခဲ့ပါတယ်။
■ စိတ်ဝင်စားစရာကောင်းတာက သရက်သီးနဲ့ပတ်သက်တဲ့ လေ့လာမှုတစ်ခုမှာ သွေးဆုံးပြီး အမျိုးသမီးတွေဟာ တစ်ပတ်ကို လေးကြိမ်၊ တစ်ကြိမ်လျှင် သရက်သီး ၈၅ ဂရမ် စားသုံးခဲ့ရာ ၁၆ ပတ်အကြာမှာ ရှိပြီးသား အရေးအကြောင်းတွေရဲ့ အရွယ်အစားနဲ့ အသစ်ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းအရေအတွက် လျော့နည်းလာတာကို တွေ့ရှိခဲ့ပါတယ်။
■ ဒါပေမဲ့ တစ်နေ့ကို သရက်သီး ၂၅၀ ဂရမ်ခန့် စားသုံးတဲ့အခါမှာတော့ အရေးအကြောင်းတွေ ပိုများလာတာကိုလည်းတွေ့ရှိခဲ့ပါတယ်။
■ သုတေသီတွေက သရက်သီးထဲမှာ သဘာဝသကြားဓာတ် များပြားတာနဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆထားပါတယ်။
■ သရက်သီးနဲ့ လိမ္မော်သီးတွေမှာ Vitamin C လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ Vitamin C ဟာ Collagen ထုတ်လုပ်ဖို့ အရေးကြီးတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်လည်း လုပ်ဆောင်ပေးပါတယ်။
■ ၂။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်များ
အဆီဓာတ်ဆိုတိုင်း ကျန်းမာရေးအတွက် မကောင်းတာ မဟုတ်ပါဘူး။ အချို့အဆီဓာတ်တွေဟာ အသားအရေကျန်းမာရေးအတွက် အရေးကြီးပါတယ်။
■ ဥပမာ အယ်လ်မွန်စေ့၊ သစ်ကြားသီးနဲ့ အစေ့အဆန်တွေမှာ Vitamin E ကြွယ်ဝစွာ ပါဝင်ပါတယ်။
■ Vitamin E ဟာ အရေပြားဆဲလ်တွေကို ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ပြီး အသားအရေကျန်းမာရေးကို ထိန်းသိမ်းရာမှာ အထောက်အကူပြုပါတယ်။
■ Vitamin E ချို့တဲ့လာရင် အနာကျက်နှေးခြင်းနဲ့ အသားအရေကျန်းမာရေး ထိခိုက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
■ အခွံမာသီးတွေမှာ Omega-6 Fatty Acids လည်း ပါဝင်ပြီး အသားအရေရဲ့ အပြင်ဘက်အကာအကွယ်လွှာကို အားကောင်းစေကာ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။
■ နောက်ထပ် အရေးကြီးတဲ့ အဆီဓာတ်တစ်မျိုးကတော့ Omega-3 ဖြစ်ပါတယ်။ Omega-3 ကို အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေ၊ ဥပမာ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးနဲ့ မက်ကရယ်ငါးတွေမှာ ရရှိနိုင်ပါတယ်။
■ Omega-3 ဟာ အသားအရေရောင်ရမ်းမှုကို လျှော့ချဖို့၊ ရှိပြီးသား Collagen ကို ထိန်းသိမ်းဖို့နဲ့ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ထိခိုက်လွယ်မှုကို လျှော့ချဖို့ အထောက်အကူပြုနိုင်ပါတယ်။
■ ၃။ အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ
အူလမ်းကြောင်းကျန်းမာရေးနဲ့ အသားအရေကျန်းမာရေးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ ဒီဆက်စပ်မှုကို သုတေသီတွေက Gut-Skin Axis လို့ ခေါ်ဆိုကြပါတယ်။
■ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်နဲ့ ပဲအမျိုးမျိုးကို စုံလင်စွာစားသုံးပေးတဲ့အခါ အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးတွေ (Gut Microbes) ရှင်သန်ဖွံ့ဖြိုးဖို့ အထောက်အကူပြုပါတယ်။
■ အဲဒီအဏုဇီဝပိုးတွေက ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ Antioxidants တွေကို ထုတ်လုပ်ပေးပါတယ်။ ဒါတွေက အသားအရေကျန်းမာရေးအပေါ်မှာလည်း ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။
■ ဒါ့အပြင် အူလမ်းကြောင်းထဲက အကျိုးပြုအဏုဇီဝပိုးတွေဟာ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုပေးတာကြောင့် အသားအရေဆိုင်ရာ ပြဿနာအချို့ကိုလည်း ထိန်းသိမ်းရာမှာ အကျိုးရှိနိုင်ပါတယ်။
■ အူလမ်းကြောင်းကျန်းမာရေးအတွက် စားသုံးသင့်တဲ့ အစားအစာတွေကတော့ -
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ
ပဲအမျိုးမျိုး
အစေ့အဆန်များ
Whole Grains လို့ခေါ်တဲ့ အစေ့အဆန်မကြိတ်ခွဲထားတဲ့ အစားအစာများ
ဟင်းခတ်အမွှေးအကြိုင်များ
ဒါ့အပြင် အချဉ်ဖောက်ထားတဲ့ အစားအစာတွေဟာလည်း အူလမ်းကြောင်းအတွက် အကျိုးပြုပါတယ်။
■ ဥပမာ -ကိုရီးယားကင်မ်ချီ (Kimchi)
Sauerkraut
Kombucha
ဒိန်ချဉ် (Yoghurt)
ဒီလိုအစားအစာတွေက အူလမ်းကြောင်းထဲက အကျိုးပြုအဏုဇီဝပိုးတွေကို အထောက်အကူပြုပေးနိုင်ပါတယ်။
■ အသက် ၆၀ ရောက်တဲ့အခါ အသက် ၃၀ အရွယ်လို ပြန်လည်နုပျိုနေဖို့ မဖြစ်နိုင်ပေမဲ့ အစားအသောက်ကို မှန်ကန်စွာ ရွေးချယ်စားသုံးခြင်းအားဖြင့် အသားအရေကို ကျန်းမာလှပနေအောင် ထိန်းသိမ်းနိုင်ပါတယ်။
■ အထူးသဖြင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးနဲ့ အစေ့အဆန်တွေ၊ Omega-3 ကြွယ်ဝတဲ့ ငါးတွေ၊ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို နေ့စဉ်စားသောက်မှုပုံစံထဲမှာ ထည့်သွင်းပေးသင့်ပါတယ်။
■ သတိပြုရမယ့်အချက်က အစားအစာတစ်မျိုးတည်းကို စားရုံနဲ့ ချက်ချင်းအကျိုးရလဒ် မရနိုင်ပါဘူး။
■ အစားအစာတွေကို ပုံမှန်စားသုံးပေးဖို့ လိုအပ်ပြီး အသားအရေမှာ သိသာတဲ့ ပြောင်းလဲမှုတွေ တွေ့ရဖို့ ၈ ပတ်ကနေ ၁၀ ပတ်ခန့် ကြာနိုင်ပါတယ်။
■ ဒါ့အပြင် နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ နေရောင်ကာခရင်မ် (Sunscreen) ကိုလည်း ပုံမှန်အသုံးပြုပေးဖို့ မမေ့ပါနဲ့။
■ အသားအရေ နုပျိုလှပဖို့ဆိုတာ အပြင်ပန်းကနေ ထိန်းသိမ်းရုံတင်မဟုတ်ဘဲ အတွင်းပိုင်းကနေ အာဟာရပြည့်ဝအောင် စားသုံးပေးဖို့လည်း အရေးကြီးပါတယ်။
Source-Bbc
See less