Myanmar Digital News

ပညာရပ်ချင်းဖလှယ်လို့ တိုင်းရင်းဆေးကဏ္ဍမြှင့်တင်စို့

နေနေနိုင်ရည်၊ နန်းခင်ထွေး (တိုင်းရင်းဆေးပညာဦးစီးဌာန)

မြန်မာ့တိုင်းရင်းဆေးပညာသည် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် စသည့် ခေတ်ကာလများကတည်းက သမိုင်းအထောက်အထားခိုင်မာစွာတည်ရှိခဲ့သည့် အမျိုးသားရေးအမွေအနှစ် ဆေးပညာတစ်ရပ်ဖြစ်ပါသည်။

ရှေးမြန်မာများက မြန်မာ့ရေမြေတောတောင် သဘာဝအလျောက် ပေါက်ရောက်နေသော မြန်မာ့ ဆေးဖက်ဝင်အပင်များဖြင့် ဆေးဝါးများ ဖော်စပ်သုံးစွဲပြီး ကျန်းမာခဲ့ကြ၊ အသက်ရှည်ခဲ့ကြ၊ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ခဲ့ကြရာ ယနေ့ထိတိုင် မြန်မာ့တိုင်းရင်းဆေးဂုဏ်ရောင် ထွန်းတောက်လျက်ရှိပါသည်။ ယခု မျက်မှောက်ခေတ်တွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် သမိုင်းအစဉ်အလာကြီးမားပြီး အဖိုးထိုက်တန်လှသော မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် တိုင်းရင်းဆေးပညာကို ခေတ်နှင့်အညီ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် နှစ်စဉ်ညီလာခံများကျင်းပပေးကာ အားပေးချီးမြှောက်လျက်ရှိပါသည်။

(၂၅)ကြိမ်မြောက် ငွေရတုအခမ်းအနား

မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ၂၀၀၀ ပြည့်နှစ်မှစတင်၍ ကျင်းပလာခဲ့ရာ ယခုဆိုလျှင် (၂၅)ကြိမ်မြောက် ငွေရတုအခမ်းအနားသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ယခုလို ညီလာခံများ အောင်မြင်စွာကျင်းပနိုင်ရခြင်းသည် နိုင်ငံတော် အစိုးရအဆက်ဆက်၏ တိုင်းရင်းဆေးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားပေးချီးမြှောက်မှု၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ အားထုတ်ကြိုးပမ်းမှု၊ တိုင်းရင်းဆေး သမားတော်များနှင့် နှီးနွှယ်ပညာရှင်များ၏ ဝိုင်းဝန်း ပူးပေါင်းကြိုးစားဆောင်ရွက်မှုတို့ကြောင့် ဖြစ်ပါသည်။

၂၀၂၆ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် (၂၅)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထု၏ ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်စေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြု ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာ၏ ဂုဏ်သိက္ခာကို ပိုမိုမြှင့်တင်နိုင်ရေးနှင့် ကျင့်ဝတ်လိုက်နာမှု ပိုမိုတိုးတက် လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ရိုးရာတိုင်းရင်းဆေးပညာနည်းစနစ်များကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အဆိုပါ(၂၅) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို သုံးရက်တိုင် ကျင်းပသွားမည် ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြိုညှိနှိုင်းဆွေးနွေးပွဲကို တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ် (၄-ဂ) တွင် လည်း ကောင်း၊ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံတို့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) တွင် လည်းကောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက် နေ့တွင် ရုံးအမှတ်(၄-ဂ)တွင် လည်းကောင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

(၂၅) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံတွင် ညီလာခံ၏ အဓိက အသက်သွေးကြောဖြစ်သည့် တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အချက်များကို အဆိုပြုတင်သွင်း ဆွေးနွေးကြမည် ဖြစ်ပါသည်။ အဆိုများတင်သွင်းရန်နှင့်ပတ်သက်၍ တက်ရောက်လာကြသော တိုင်းရင်းဆေးသမားတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ညီလာခံ ကိုယ်စားလှယ်တော်များနှင့် နှီးနွှယ်ပညာရှင်များက တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏အတွေ့အကြုံ၊ အတွေးအခေါ် အယူအဆများကို ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်ပြီး ထိုအဆိုပြုချက်များမှ ထွက်ပေါ်လာမည့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

ဆက်လက်၍ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲတွင် ရိုးရာတိုင်းရင်းဆေးကုထုံး နည်းစနစ်များနှင့် ဆေးဝါးများအား လက်တွေ့အသုံးချနိုင်ရေးနှင့် စနစ်တကျ ပြန်လည်ဖော်ထုတ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းဆေးဆရာများက ဒေသအလိုက် ရိုးရာတိုင်းရင်းဆေး ကုထုံးများ၊ ဆေးဝါးများ၊ ဒေသပေါက်ဆေးဖက်ဝင် အပင်များနှင့် ဆေးအသုံးများ၊ တိုင်းရင်းသားလူမျိုးများ၏ လက်တွေ့နယ်ပယ်တွင် ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလာသော ကုထုံးများနှင့် ပတ်သက်သော စာတမ်းများအား ဖတ်ကြားကြမည် ဖြစ်ပါ သည်။

စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ညီလာခံကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် နှီးနွှယ်ပညာရှင်ကိုယ်စားလှယ်များက တက်ရောက်ဆွေးနွေးကြမည် ဖြစ်ပါသည်။ ထိုကဲ့သို့ဆွေးနွေးခြင်းမှ ရရှိလာသော ပညာရပ်ဆိုင်ရာကုထုံးများ၊ ဆေးဝါးများကို ခေတ်နှင့်အညီ ဖော်ထုတ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုအတွက် အထောက် အကူကောင်းများ ရရှိမည်ဖြစ်ပါသည်။

ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နည်းပညာများ တိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်အစိုးရအနေ ဖြင့်လည်း တိုင်းရင်း‌ဆေးပညာရပ်နှင့် ဆေးဝါးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။ ယခုညီလာခံနှင့် နှီးနှောဖလှယ်ပွဲများ ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာနည်းစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ ဘေးအန္တရာယ်ကင်းရှင်းပြီး အာနိသင်ထက်မြက်သော တိုင်းရင်းဆေးဝါးများကို စံချိန်စံညွှန်းနှင့်အညီ စနစ်တကျ ထုတ်လုပ်နိုင်ရန် အထောက်အပံ့ကောင်းများရလာနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ရာတွင် ပိုမိုထိရောက်သောကုထုံးများ၊ ဆေးဝါးများနှင့် စောင့်ရှောက်မှုပေးနိုင်မည်ဖြစ်ပြီး အနာဂတ် တိုင်းရင်းဆေးလောကနှင့် နောင်လာနောက်သားများ၊ မျိုးဆက်သစ်များအတွက် အကျိုးကျေးဇူး များစွာရရှိမည် ဖြစ်ပါသည်။

ထို့ကြောင့် (၂၅) ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲကြီးတွင် အတွေ့အကြုံရင့် တိုင်းရင်းဆေးသမားတော်ကြီးများ၏ လက်တွေ့ကုထုံးများ၊ အကြံဉာဏ်များ၊ အတွေးအခေါ်များကို မျိုးဆက်သစ်တိုင်းရင်းဆေးပညာရှင်များက လက်ဆင့်ကမ်းအမွေခံယူ၍ အတွေ့အကြုံအခြေပြု ဆေးပညာမှသည် အထောက်အထားအခြေပြု ဆေးပညာ (Experience- Based Medicine to Evidence-Based Medicine) သို့ ဖြစ်လာစေရန် သိပ္ပံနည်းကျတွေးခေါ်မှုများနှင့် ပေါင်းစပ်ကာ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးဖလှယ်ကြမည် ဖြစ်ပါသည်။ ထို့အပြင် (၂၅)ကြိမ် မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၏ ပြခန်းများ၊ ပုဂ္ဂလိက တိုင်းရင်းဆေးဝါးထုတ်လုပ်သူ များ၏ မြန်မာ့တိုင်းရင်းဆေးဝါးပြခန်းများကိုလည်း ခင်းကျင်းပြသသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ (၂၅)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲကြီးက မြန်မာ့တိုင်းရင်းဆေး သမားတော်များ၏ စည်းလုံးညီညွတ်မှုကို ပြသသည့် ပြယုဂ်တစ်ခုဖြစ်သည်နှင့်အညီ တိုင်းရင်းဆေးလောက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်သစ်များ၊ အတွေးအခေါ်သစ်များ ဖော်ဆောင်ပေးနိုင်မည့် ညီလာခံတစ်ရပ်အဖြစ် မြင်တွေ့ရမည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ အားပေးချီးမြှောက်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ အားထုတ်ကြိုးပမ်းမှုတို့ဖြင့် ယခုနှစ်ကျင်းပမည့်ညီလာခံသို့ တက်ရောက်လာကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ညီလာခံကိုယ်စားလှယ်တော်ကြီးများနှင့် နှီးနွှယ်ပညာရှင်များက မိမိတို့ တိုင်းရင်းဆေးလောက ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူလူထု၏ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်မှုပေးရာတွင် ပိုမိုအားထားရသည့် အခန်းကဏ္ဍတစ်ခုအဖြစ် အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်စေရန်ရည်ရွယ်၍ ဤဆောင်းပါးဖြင့် ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

မူရင်းသတင်း — Myanmar Digital News