NP News

YBS များ EV စနစ်ပြောင်းလဲရာတွင် ယာဉ်အစီးရေအနည်းငယ်ဖြင့် Pilot Project အနေဖြင့်သာ စတင်ဆောင်ရွက်သင့်

စော (NP News) - နိုဝင်ဘာ ၂၅

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော့ YBS များ EV စနစ်ပြောင်းလဲရာတွင် ခရီးသည်သယ်ယူပို့ ဆောင်‌ရေးတွင် အခက်အခဲရှိနိုင်၍ ယာဉ်အစီးရေ အနည်းငယ်ဖြင့် Pilot Project အနေဖြင့်သာ စတင်ဆောင်ရွက်သင့်ကြောင်း ယာဉ် လိုင်းကုမ္ပဏီပိုင်ရှင် တစ်ဦးက NP News ကို ပြောသည်။
(၁၉၉၇) ခုနှစ်မှ (၂၀ဝဝ) ပြည့်နှစ်အတွင်း ထုတ်လုပ်ခဲ့သည့် ကုမ္ပဏီ(၁၀)ခုမှ YBS ယာဉ်အစီး ရေ (၅၂)စီးကို အရည်ကျိုအပ်နှံပြီး EV Bus များဖြင့် အစားထိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ကားကုမ္ပဏီပိုင်ရှင်များကို အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။
EV Bus တစ်စီး၏တန်ဖိုးမှာ အမျိုးအစား အလိုက်ကွာခြားပြီး (၁၂)မီတာရှိသော EV Bus တစ်စီးလျှင် အမေရိကန်ဒေါ်လာ (၁၆၀,ဝဝဝ)၊ (၁၀ ဒသ မ ၅)မီတာတစ်စီးလျှင် ဒေါ်လာ (၁၃၀,ဝဝဝ)နှင့် (၈ ဒသမ ၅) မီတာ တစ်စီး လျှင် ဒေါ်လာ (၁၀ဝ,ဝဝဝ) ဝန်းကျင်ရှိကြောင်း သိရသည်။
ထို့ကြောင့် Bus တစ်စီး၏ဝယ်ယူစရိတ်မှာ မြင့်မားသည့်အပြင် ယခုယာဉ်စီးခနှင့် မကိုက်ညီသည့်အတွက် (၁၀)နှစ်တာကာလအတွင်း အရင်းပြန်ရရန် ခက်ခဲနိုင်ကြောင်းသိရသည်။
“သိန်း (၄၅၀ဝ)ကနေ သိန်း(၈၀ဝဝ)လောက်အထိရှိတယ်။ ဈေးတအားကြီးတာပေါ့။ လက်ရှိကားခနဲ့ဆိုရင် (၁၀)အတွင်း အရင်းမကျေနိုင်ဘူး။အဲဒီအတွက် ဒီပို့ဆောင်ရေးလုပ်ဖို့မလွယ်ကူလောက်ဘူး။ သေချာတာက အစီးရေ များများလုပ်လို့မရဘူး။ Pilot Project အနေနဲ့ပဲ (၅)စီး၊ (၁၀)စီး၊ အစီး (၂၀) အများဆုံး အစီး(၃၀)ပေါ့ Pilot Project ပဲ အရင် လုပ်သင့်တယ်။ လုပ်ပြီးတော့မှ ဒေတာရတော့မှ ဘယ်လိုဆက်လုပ်မလဲပေါ့”ဟု ၎င်းကပြောသည်။ ထိုသို့ EV Bus အစားထိုးဆောင်ရွက်ရန်အတွက် အစိုးရဘက်မှပံ့ပိုးမှုမရှိဘဲ ဆောင်ရွက်ရန်အခက်အခဲရှိကြောင်း ၎င်းကဆိုသည်။
“ဘဏ်တွေက ချေးငွေရမှပဲ ကုမ္ပဏီတွေကလုပ်လိမ့်မယ်။ ဘဏ်တွေက ချေးငွေရဖို့ဆိုရင် ကုမ္ပဏီတွေက (၃၀) ရာခိုင်နှုန်းလောက် Down Payment ပေး။ ကျန်တဲ့ (၇၀)ရာခိုင်နှုန်းကို ပုဂ္ဂလိကဘဏ် ဒါမှမဟုတ် အစိုးရဘဏ်က ချေးမှရမှာ။ အဲဒီလိုချေးတဲ့နေရာမှာ တိုင်းဒေသကြီးအစိုးရ (သို့မဟုတ်) YRTC က အာမခံပေးဖို့လိုတာပေါ့။ ပေးရန်ရှိ တာဝန်ကိုတော့က ကုမ္ပဏီကပဲ တာဝန်ယူရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့တွင်း၌ နေ့စဉ် YBS စီးရေ (၃၂၀ဝ)ဝန်းကျင်ခန့်ပြေးဆွဲလျက်ရှိပြီး CNG YBS ယာဉ်များတွင် သက်တမ်းကုန်လျက်ရှိသော စလင်ဒါအိုးဟု ခေါ်ဆိုကြသည့် ဂက်စ်အိုးများကိုလဲလှယ်ရာတွင် ဈေးနှုန်းကြီးမြင့်သဖြင့် YBS ယာဉ်များ ရပ်နားထားရမှုရှိနေကြောင်း ထွက်ပေါ်လာသောသတင်းများအရ သိရသည်။

မူရင်းသတင်း — NP News