NP News

Coffee Expo Seoul 2027 တွင် မြန်မာနိုင်ငံသည် ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ် ပထမဆုံး ရွေးချယ်ခံရ

ထိုက်စံ (NP News) - နိုဝင်ဘာ ၂၅

Coffee Expo Seoul 2027 တွင် မြန်မာနိုင်ငံသည် ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ် ပထမဆုံးရွေးချယ်ခံရကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ COEX ပြပွဲခန်းမ၌ (၂၀၂၇) ခုနှစ် ဧပြီ (၂၈) ရက်မှ မေ (၁) ရက်အထိ ကျင်းပသွားမည့် Coffee Expo Seoul 2027 တွင် မြန်မာနိုင်ငံကို တရားဝင် ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံ (Official Guest Country of Honor)အဖြစ် ရွေးချယ်ကြောင်း ပြပွဲကျင်းပရေးအဖွဲ့က နိုဝင်ဘာ (၁၇) ရက်တွင် မြန်မာသံရုံး ဆိုးလ်မြို့သို့ တရားဝင်အကြောင်းကြားလာကြောင်း သိရသည်။

Coffee Expo Seoul 2027 Secretariat ၏အကြောင်းကြားစာတွင် မြန်မာနိုင်ငံ၏ အဆိုပြုလွှာသည် မြန်မာ့ ကော်ဖီယဉ်ကျေးမှုကို မြှင့်တင် ဖော်ထုတ်ရန်နှင့် ကိုရီးယားနိုင်ငံတွင် စီးပွားရေးမိတ်ဖက်ဆက်ဆံမှုအသစ်များ တည်ဆောက်ရန် ခိုင်မာသော ရည်မှန်းချက်နှင့် ကြိုးပမ်းအားထုတ်မှုများပါဝင်သည့်အတွက် ထူးခြားထင်ရှားခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအား ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ် ရွေးချယ်နိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက် ဂုဏ်ယူကြောင်းနှင့် လာမည့် ဧပြီလတွင် ကျင်းပမည့်ပြပွဲ၌ မြန်မာနိုင်ငံကို ကြိုဆို လက်ခံရမည်ဖြစ်သည့်အတွက် ဝမ်းမြောက်မိကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မှတ်တမ်းများအရ Coffee Expo Seoul ပြပွဲများတွင် မြန်မာနိုင်ငံသည် ဂုဏ်ထူးဆောင် ဧည့်သည်နိုင်ငံ အဖြစ် ပထမဆုံး ရွေးချယ်ခံရခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ စိတ်ပါ ဝင်စားမှုနှင့် ဆိုးလ်အခြေစိုက် မြန်မာသံရုံး၏ အပြည့်အဝပူးပေါင်း ပါဝင်မှုတို့ကို ပြသနိုင်ခဲ့ကြောင်း သိရသည်။
Coffee Expo Seoul သည် ထုတ်လုပ်သူများ၊ တင်သွင်း သူများ၊ ဖြန့်ဖြူးရောင်းချသူများနှင့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာ ရှင်များ တွေ့ဆုံချိတ်ဆက်နိုင်သည့် နိုင်ငံတကာကုန်သွယ်မှုပြပွဲတစ်ခုဖြစ်ပြီး ယင်းပြပွဲနှင့်အတူ Korea International Bakery Fair (KIBA) 2027 ကိုလည်း (၂၀၂၇)ခုနှစ် ဧပြီ (၂၈) ရက်မှ မေ (၁) ရက် အထိ ဆိုးလ်မြို့ရှိ COEX ပြပွဲခန်းမ ၌ တစ်ပြိုင်နက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ တရားဝင်ဂုဏ်ထူးဆောင် ဧည့်သည်နိုင်ငံအဖြစ် ရွေးချယ်ခံရခြင်းသည် မြန်မာ့ ကော်ဖီ၏ အရည်အသွေးနှင့် ထုတ်လုပ်မှုအလားအလာများကို ကိုရီးယားဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုမိတ်ဆက် ဖော်ထုတ်နိုင်မည့်အခွင့်အလမ်းရရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူရင်းသတင်း — NP News