NP News

တွက်ခြေမကိုက်သည့်အတွက် အစိုးရ၏ ဆောက်လုပ်‌ရေးတင်ဒါများကို လုပ်ငန်းရှင်များ မဆွဲရဲကြတော့ဟုဆို

ပုလဲ (NP News) - နိုဝင်ဘာ ၂၅

တွက်ခြေမကိုက်သည့်အတွက် အစိုးရ၏ ဆောက်လုပ်‌ရေးတင်ဒါများကို လုပ်ငန်းရှင်များ မဆွဲရဲကြတော့ ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။ လက်ရှိတွင် အစိုးရဝန်ကြီးဌာနအချို့မှ ခေါ်ယူသော တင်ဒါလုပ်ငန်းများသည့် Yellow Book တွင် သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်းခေါ်ယူခြင်းဖြစ်သည့် အတွက် အပြင်ပေါက်ဈေးများနှင့် ကွာဟမှုများရှိနေကြောင်း သိရသည်။

“အခု တင်ဒါတွေကကျတော့ ဘယ်လိုဖြစ်တာလဲဆိုတော့ ဥပမာ သူတို့သတ်မှတ်ထားတဲ့တင်ဒါဈေးနှုန်းက ဒီအခု အသစ်ထွက်တဲ့တင်ဒါပေါ့နော်။ Yellow Book မှာ သံဈေးက စောစောက ကမ္ဘာ့ပေါက်ဈေးနဲ့ သူတို့က ပြီးတော့ သူတို့ရဲ့ဒေါ်လာ Rate တွက်ထည့်လိုက်တဲ့အခါကျတော့ (၄၀)လောက်ပဲ ရှိတယ်ပေါ့နော်။ တကယ့်တကယ်က အပြင်မှာ (၇၀)လောက် လောလောဆယ်မှာရှိတယ်။ နောက် ဘယ်နေ့ (၁၀ဝ) ဖြစ်မလဲဆိုတာမသိဘူး သံဈေးက။ ပါမစ်အခက်အခဲကြောင့်ဆိုတော့” ဟုပြောသည်။

ထို့အတူ အလုပ်သမားအတွက်သတ်မှတ်ထားသည့်နှုန်းထားများသည်လည်း မြေပြင်တွင် လုပ်သားရှားပါးမှုများဖြစ်ပေါ်နေသည့်အတွက် လုပ်ခဈေးနှုန်း များမြင့်တက်နေပြီး ထက်ဝက်ခန့်ကွာဟ နေကြောင်းလည်း သိရသည်။
“အလုပ်သမားခတွေ သူတို့သတ်မှတ်ထားတဲ့ဟာတွေက ဝန်ကြီးဌာနတွေကမပြင်ရဲကြဘူး။ မပြင်ရဲဘဲနဲ့ သူတို့က ဒီအတိုင်းပဲ နဂို Rate တွေကိုပဲ ကောက် ထည့်တာ။ အပြင်မှာက အဲဒီ Rate တွေမဟုတ်တော့။ အလုပ်သမားခ ဆိုလည်း အပြင်မှာနှစ်ဆ၊ သူတို့ပေးတာက တစ်ဝက်။ ဥပမာ သူတို့က တစ်သောင်းခွဲ၊ နှစ်သောင်း ပေးတယ်၊ တကယ့် တကယ် အပြင်မှာက သုံးသောင်း၊ လေးသောင်းတွေဖြစ်နေပြီ အနည်းဆုံးတောင်။ နယ်ဆိုရင် ပိုပြီးတော့ အလုပ်သမား ပေါတယ်ထင်ပြီးတော့ ပြန်လျှော့တယ်၊ နယ်မှာရှိတဲ့အဆောက်အအုံတွေကျရင်လည်း လျှော့တဲ့အခါကျတော့ နယ်မှာက အခုလက်ရှိဟာနဲ့ဆိုရင် Labour အရမ်းရှားတာက နယ်ဖြစ်နေတာ”ဟုပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးအတွက် ကျောက်များသည်လည်း ဒီဇယ်ဈေးများကြောင့် မြေပြင်တွင် ဈေးတက်နေပြီး Yellow Book မှနှုန်းထားများနှင့် ကိုက် ညီမှုမရှိကြောင်း ၎င်းကပြောသည်။
“ကျောက်ဆိုလည်း ဒီအတိုင်းပဲ နဂိုတုန်းက ကျောက်ဈေးကို နည်းနည်းလေးပဲ သူတို့ကပေါ့နော် ပေါင်းထည့် ထားတယ်။ တကယ့်တကယ် အပြင်မှာက ဒီဆီဈေးတက်တာတို့ ဘာတို့ညာတို့ အခက်အခဲတွေကြောင့် ဈေးတွေက အရမ်းတက်သွားပြီ။ အရမ်းတက်သွားပြီဆိုတော့ တကယ့်တကယ် သူတို့ပေးထားတဲ့ Yellow Book ထဲမှာရှိတဲ့ ဈေးနှုန်းတွေက အကျုံးမဝင်တော့ဘူး။ အကျုံးမဝင်ပေမယ့်လည်း ဌာနဆိုင်ရာတွေအနေနဲ့ ပြုပြင်ပေးဖို့ရှိလားဆိုတော့ မတင်ပြရဲကြဘူး ဘယ်သူ့ကိုမှ။ အဲဒီအခါကျတော့ တင်ဒါတွေက မဆွဲကြတော့ဘူး ရှုံးနေကြပြီအများစုက။ အဲဒီလိုဖြစ် နေတာပေါ့နော်”ဟုပြောသည်။ ထို့ကြောင့် အစိုးရ၏ ဆောက်လုပ်ရေးတင်ဒါ များအနေဖြင့် တွက်ခြေမကိုက်တော့ သည့်အတွက် လုပ်ငန်းရှင်အများစု အရှုံးပေါ်နေပြီး၊ တင်ဒါအသစ်များကိုလည်း မဆွဲရဲကြတော့ကြောင်း သိရသည်။

“အဲဒီတော့ ပေးတဲ့အဆောက်အအုံတွေဆိုလည်း ဘယ်သူမှမဆွဲချင်ကြတော့ဘူး၊ မဆွဲတော့ဘူး။ တွက်ခြေလည်း မကိုက်။ စကားတစ်ခုပြောမယ်ဆို လှအောင်ပြောမယ်ဆိုလို့ရှိရင် အဘစောင့်ရှောက်လိုက်မှ မွဲသွားတယ်ဆိုတဲ့ပုံစံမျိုး ပေါ့နော်။ အဲဒီလိုမျိုးတောင်ဖြစ်နေတယ်။ ဘာလဲဆိုတော့ လူကြီးက ကြည့်ပြီးတော့ တင်ဒါယူပါလားဆိုပေးလိုက်ရင် အဲဒါရှုံးပြီသာမှတ်။ သူစောင့်ရှောက်လိုက်ကာမှမွဲသွားတာ အဲဒါမျိုးတွေပေါ့နော်။ အခုက အဲဒီလိုဖြစ်ဖြစ်နေတယ်” ဟု ပြောသည်။

မူရင်းသတင်း — NP News