
(မှုခင်း) နိုဝင်ဘာ ၂၅
ရန်ကုန်-မန္တလေး အမှတ် (၃) အဆန် DEMU ရထားကို ခဲဖြင့်ပစ်ပေါက်ကာ ရထားတွဲ၏ လေကာမှန်ပျက်စီးစေခဲ့သူ အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို နိုဝင်ဘာ ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က အမှတ် (၃) အဆန် ရန်ကုန်-မန္တလေး DEMU ရထားသည် ဘဲလင်းဘူတာနှင့် စဉ့်ကိုင်ဘူတာအကြား ဖြတ်သန်းမောင်းနှင်နေစဉ် စက်ခေါင်းနောက် သုံးတွဲမြောက် အထက်တန်းတွဲ၏ ပြတင်းပေါက်ဘေးရှိ လေကာမှန်ကို ခဲဖြင့်ပစ်ပေါက်ခံခဲ့ရခြင်းဖြစ်သည်။
ခဲဖြင့်ပစ်ပေါက်မှုကြောင့် လေကာမှန်မှာ ကြေမွကွဲအက်ပျက်စီးခဲ့ပြီး ရထားသည် စဉ့်ကိုင်ဘူတာသို့ ရောက်ရှိချိန်တွင် ၂၄ မိနစ်ခန့် ရပ်တန့်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် ခရီးသည်များနှင့် ရထားဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရထားကို ခဲဖြင့်ပစ်ပေါက်ခဲ့သူအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စဉ့်ကိုင်မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ခဲ့ရာ စဉ့်ကိုင်မြို့နယ်၊ မြို့သစ်ရပ်ကွက်နေ အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို နိုဝင်ဘာ ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူအား ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) တွင် ရထားအား တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် ထိခိုက်စေသည့် လုပ်ရပ်များကျူးလွန်ခြင်းအတွက် ပုဒ်မ ၈၄ အရ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး နှစ် ၂၀ အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။