Eleven Media Group

■ ရန်ကုန်နဲ့ ကျားဖျန့်အော်ပရာစီ

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (Ministry of Public Security-MPS) နဲ့ လုံကျန်းပြည်သူ့လုံခြုံရေးဗျူရိုကနေ ဆုကြေးငွေထုတ်ပြန်ခံထားရတဲ့ Su Fu Quan (ဆူးဖုချွမ်) ဆိုတဲ့သူကို ရန်ကုန်၊ သာကေတမြို့နယ်မှာရှိတဲ့ Golden River Residence Condo မှာ နိုဝင်ဘာ ၁၂ ရက် ညပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တယ်။ တရုတ်နိုင်ငံက ဆုကြေးငွေထုတ်ထားတဲ့ တရားခံ ၄၃ ဦးရဲ့ အမည်စာရင်းထဲမှာ Su Fu Quan (ဆူးဖုချွမ်) ပါဝင်နေတာပါ။

Su Fu Quan (ဆူးဖုချွမ်) က ကျားဖျန့်လုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တယ်။ သူဟာ ဈေးဝယ်ဝက်ဘ်ဆိုက်အတုတွေ ဖန်တီးပြီး ငွေကြေးလိမ်လည်တာတွေ၊ လူတွေကို လူမှုကွန်ရက်ကနေတစ်ဆင့် လှည့်စားပြီး ငွေလိမ်တာတွေ၊ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်တာတွေကြောင့် တရုတ်နိုင်ငံက သူ့ကို ဆုကြေးငွေထုတ်ထားတာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၂ ရက် ညပိုင်းက သာကေတမြို့နယ်မှာရှိတဲ့ Golden River Residence Condo၊ အခန်းအမှတ် (၁၁၀)၊ (၃၀၁)၊ (၃၀၂)၊ (၃ဝ၆)၊ (၃ဝရ)၊ (၃၁ဝ)၊ (၅ဝ၅)၊ (၅ဝ၉) နဲ့ (၅၁ဝ) တို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးလိုက်တဲ့သူတွေက တရားမဝင် တရုတ်အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၄ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား ၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၁ဝ၆ ဦးဖြစ်ပါတယ်။

သူတို့နဲ့အတူ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ ၁၂၁ လုံး၊ Laptop ၅ လုံး၊ Server ၁ လုံး၊ ဖုန်းမျိုးစုံ ၁၉ဝ လုံး၊ Wifi စက် ၇ လုံး၊ Router ၂ လုံး၊ မြန်မာနိုင်ငံသား Passport စာအုပ် ၅ အုပ်၊ တရုတ်နိုင်ငံသား Passport စာအုပ် ၂ အုပ်၊ KBZ ဘဏ်စာအုပ် ၄ အုပ်တို့ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သာကေတမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ နဝရတ်လမ်း၊ အောင်ကောင်းကျော် အိမ်ရာဝန်းအတွင်းရှိ olden River Residence Condo အခန်းအမှတ် (၁၁၀)၊ (၃၀၁)၊ (၃၀၂)၊ (၃၀၆)၊ (၃၀၇)၊ (၃၁ဝ)၊ (၅ဝ၅)၊ (၅ဝ၉) နဲ့ (၅၁ဝ) တို့ကို ပြင်ဦးလွင်မြို့ နယ်မှာ နေထိုင်တဲ့ ဒေါ်မြတ်ဇင်ဦးနဲ့ တရုတ်နိုင်ငံသား Mr. Huo တို့က ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိတဲ့သူတွေကို မေးမြန်းစစ်ဆေးချက်တွေအရ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ဟန်တုပ်၊ ပိုင်ရစ်၊ အာထန်၊ တာဟိုက်နဲ့ စုကျင်လို့ခေါ်တဲ့ အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းထားပြီးတော့ အဖွဲ့တိုင်းမှာ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တွေ ခန့်ထားပါတယ်။

အဲဒီခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တို့က ဦးစီးပြီးတော့ Kaqpo အကောင့်နဲ့ Telegram အကောင့်တွေ ဖွင့်ပြီး အလုပ်လုပ်ကြပါတယ်။ အဲဒီ Kaqpo အကောင့်မှာ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေမှာ နေထိုင်တဲ့ Customer (ပစ်မှတ်) တွေကို ငွေကြေးလိမ်လည်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

■ ကျားဖျန့်တွေ ဘယ်လိုလိမ်တာလဲ

ရင်းနှီးမြှုပ်နှံမှုကို အခြေခံပြီး အခွင့်အလမ်းမက်လုံးပေးလိမ်လည်မှုအနေနဲ့ ပထမအဆင့်မှာ ပစ်မှတ်ထားခံရသူတွေကို အမျိုးသမီးတွေနဲ့ စတင်စည်းရုံးပါတယ်။ Customer Service တွေက အမျိုးသမီးဓာတ်ပုံတွေကို ပစ်မှတ်ထားခံရသူ (Customer) တွေထံ ပေးပို့ပြီး အဲဒီအမျိုးသမီးတွေနဲ့ ပျော်ပါးနိုင်တဲ့အကြောင်း စည်းရုံးကြပါတယ်။

ဒုတိယအဆင့်အနေနဲ့ ပစ်မှတ်ထားခံရသူတွေ Member ဝင်ရောက်ဖို့ စည်းရုံးပြောဆိုပြီး Member ဝင်မယ်ဆိုရင် Ali Pay နဲ့ Wechat Pay QR ကုတ်တွေကို Customer ဆီ ပေးပို့ပြီး တရုတ်ငွေ ၁ဝ ယွမ် လွဲခိုင်းပါတယ်။ ငွေလွဲရောက်ရင် VIP အကောင့်ဖွင့်ဖို့ ကုတ်နံပါတ် ပေးပို့ပါတယ်။ ဆက်လက်ပြီးတော့ အဖွဲ့ ခေါင်းဆောင်ရဲ့ Kaqpo အကောင့်ကို ဆက်သွယ်စေပါတယ်။

အဲဒီနောက် အဖွဲ့ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တွေက ပျော်ပါးနိုင်တဲ့ အမျိုးသမီးနဲ့ ဆက်သွယ်ပေးမယ်လို့ ပြောဆိုပြီးတော့ ပစ်မှတ်ထားခံရသူ (Customer) ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ အလုပ်အကိုင်တို့ကို ပေးပို့စေခဲ့ပြီး ပျော်ပါးနိုင်တဲ့ အမျိုးသမီးနဲ့ Group ဖွဲ့ ပြောဆိုပြီးတော့ Member ကြေး တရုတ်ငွေ ၇၂ ယွမ် လွှဲခိုင်းပါတယ်။

ငွေရရှိမှုအတည်ဖြစ်ရင် ပစ်မှတ်ထားခံရသူ (Customer) အတွက် အကျိုးအမြတ်ဆိုပြီးတော့ ၈ ယွမ် ထပ်ဆောင်းပြီး တရုတ်ငွေ ၈ဝ ယွမ်ကို Customer ထံ ပြန်လည်လွှဲပေးပါတယ်။ တတိယအဆင့်အနေနဲ့ တရုတ်ငွေ ၂ဝ၁ ယွမ် ပေးသွင်းရင် ၂၂၃ ယွမ်၊ တရုတ်ငွေ ၄ဝ၁ ယွမ် ပေးသွင်းရင် ၄၂၅ ယွမ်၊ တရုတ်ငွေ ၆ဝ၁ ယွမ် ပေးသွင်းရင် ၆၆၂ ယွမ် ရရှိမယ်လို့ မက်လုံးပေး စည်းရုံးပြောဆိုပြီး Customer က လွှဲပေးတဲ့ ယွမ်ငွေ အပါအဝင် အကျိုးအမြတ် ရရှိငွေတွေကို တစ်ပေါင်းတည်း ပြန်လည်လွှဲပေးခဲ့ပါတယ်။

အဲဒီနောက် ယုံကြည်အောင် ဆက်လက်စည်းရုံးပြောဆိုပြီးတော့ စတုတ္ထအဆင့်မှာ Customer က လောဘတတ်ပြီး ငွေကြေးအမြောက်အမြား ထည့်ဝင်လာသည့်အခါမှာတော့ ငွေတွေကို ပြန်မပေးတော့ဘဲ လိမ်လည်ရယူကြပါတယ်။ ဒီလိုနဲ့ Customer တွေဆီကနေ တစ်ဦးကို အများဆုံး တရုတ်ငွေ ၄၈,ဝဝဝ ယွမ်အထိ လိမ်လည်ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်လိမ်လည်မှုလုပ်ငန်းစဉ်အနေနဲ့ Telegram Group သုံးခုကို ဖွဲ့စည်းထားပြီး Group တစ်ခုမှာ Member ၇ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ သူတို့ဟာ ဘရားဇီးနိုင်ငံနဲ့ ကိုလံဘီယာနိုင်ငံက လူတွေကို အဓိကပစ်မှတ်ထားပြီး ဈေးဝယ် Website အတုတွေဖြစ်တဲ့ www.amazonexotic.com နဲ့ www.falabella.com တို့ကို အသုံးပြုပြီး ငွေလိမ်ကြပါတယ်။

ဒီလိုငွေလိမ်ရာမှာ www.amazonexotic.com နဲ့ www.falabella.com မှာ ရောင်းချဖို့ Post တင်ထားတဲ့ ကုန်ပစ္စည်းတွေကို Like လုပ်ရုံနဲ့ ဘရားဇီးနိုင်ငံနဲ့ ကိုလံဘီယာနိုင်ငံတွေမှာ အသုံးပြုတဲ့ ငွေ ၁၀,၀၀၀ အရင်ပေးပါတယ်။ ဒီလိုငွေပေးဖို့အတွက် Telegram အကောင့်အသုံးပြုသူဆီကနေ ဘဏ်အကောင့်တောင်းတယ်။ ဘဏ်အကောင့်ရလာပြီဆိုရင် အဲဒီဘဏ်အကောင့်ထဲကို ငွေ ၁ဝဝဝဝ အရင်ထည့်ပေးပါတယ်။

အဲဒီမှာ နောက်တစ်ဆင့်တက်ဖို့အတွက် Telegram Group အတွင်းထဲကို ထည့်သွင်းပေးပြီး Telegram Group အတွင်း ရောက်ရှိလာရင် www.amazonexotic.com နဲ့ www.falabella.com မှာ ရောင်းချဖို့ Post တင်ထားတဲ့ ကုန်ပစ္စည်းတွေကို နောက်ထပ် Like ၃ ကြိမ် လုပ်ခိုင်းခဲ့ပြီး ဒီလို Like လုပ်ပေးတဲ့အတွက် ဘရားဇီးနိုင်ငံနဲ့ ကိုလံဘီယာနိုင်ငံ ငွေ ၁၃,ဝဝဝ ထပ်ပေးပါတယ်။

Like သုံးကြိမ် လုပ်ပေးတဲ့အတွက် နောက်တစ်ဆင့်တက်တဲ့အနေနဲ့ VIP Telegram Group အတွင်း ထပ်ထည့်သွင်းပေးပြီး VIP အတွင်း ရောက်လာရင် Member ဝင်ဖို့အတွက် မြူဆွယ်ပါတယ်။ Member ဝင်ရောက်ပြီး ဈေးဝယ်ရင် ဈေးဝယ်တဲ့ ကုန်ကျငွေအပြင် Member ကြေး ၂၀ ရာခိုင်နှုန်း ထပ်ဆောင်းပေးပါတယ်။ ဒီလို ထပ်ဆောင်းပေးပြီးတဲ့နောက် ထပ်ပြီး Member ဝင်မယ်ဆိုရင် Member ကြေး ၆ဝ ရာခိုင်နှုန်းအထိ ထပ်ဆောင်ပေးမယ်လို့ မက်လုံးပေး မြူဆွယ်ပြီး Member ကြေးတွေ လိမ်ပါတယ်။

ကျားဖျန့်ဂိုဏ်းတွေရဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေဟာ အရင်လို SMS ပို့ရုံ၊ Link ချပေးရုံ၊ ဖုန်းဆက်ရုံလောက်မဟုတ်တော့ဘဲ နည်းပညာအသုံးပြုလိမ်လည်တာတွေ၊ AI အသုံးပြုလိမ်လည်တာတွေနဲ့ အဆင့်မြင့်လာတဲ့အတွက် ပိုကြောက်စရာကောင်းလာပါတယ်။

■ မြေလျှိုးမိုးပျံ ထွက်ရပ်ပေါက်တွေလား

ရှမ်းမြောက်နဲ့ ကရင်ပြည်နယ်မှာ အခြေချလှုပ်ရှားတဲ့ ကျားဖျန့်ဂိုဏ်းတွေကို အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက နှိမ်နင်းတိုက်ဖျက်နေတဲ့အတွက် အဲဒီဒေသတွေမှာရှိတဲ့ ကျားဖျန့်ဂိုဏ်းတွေ ရန်ကုန်ထဲ ရောက်လာပါပြီ။

ရန်ကုန်၊ သာကေတမြို့ နယ်က ကျားဖျန့်ဂိုဏ်းဖမ်းဆီရမိမှာဆိုရင် တရားမဝင် ဝင်ရောက်နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေ တော်တော်များများ ပါဝင်နေတာကို တွေ့ရမှာပါ။ တင်းကျပ်တဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ လုံခြုံရေးတင်ကျပ်ပါတယ်ဆိုတဲ့ ရန်ကုန်တိုင်းဒေသကြီးထဲကို ဒီလူတွေ ဘယ်လိုရောက်လာကြတာလဲ။ စဉ်းစားစရာပါ။

လေကြောင်းလမ်း၊ ကုန်းကြောင်းလမ်း၊ ရေကြောင်းလမ်း ဘယ်လမ်းကပဲ လာလာ ရန်ကုန်ထဲရောက်ဖို့ဆိုတာ စစ်ဆေးရေးတင်းကျပ်တဲ့ လုံခြုံရေးဂိတ်အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှ ရောက်လာရတာပါ။

ဒီလို တင်းကျပ်တဲ့ စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်ပြီး ရန်ကုန်ထဲမှာ တရားမဝင် ဝင်ရောက်နေကြတယ်ဆိုတော့ ဒီကျားဖျန့်ဂိုဏ်းသားတွေဟာ မြေလျှိုးမိုးပျံ ထွက်ရပ်ပေါက်တွေများလားလို့တောင် ထင်မှတ်မှားစရာရှိပါတယ်။

မြေလျှိုးမိုးပျံ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေ မဟုတ်ရင် သူတို့တွေ ဘယ်လိုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီးထဲ ရောက်လာတာလဲ။ ဒီလောက်လူအများကြီး တရားမဝင် ဝင်လာတာကို ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ နဲ့ လဝက ဝန်ထမ်းတွေ ဘာလို့ မသိရတာလဲ။ စတင်ဝင်ရောက်လာကတည်းက ဘာဖြစ်လို့ တစ်ယောက်တစ်လေတောင် မဖမ်းမိခဲ့တာလဲ။ ဧည့်စာရင်းလည်း မကြာခဏစစ်လေ့ရှိတဲ့ ရန်ကုန်မှာ ဒီလိုမျိုး တရားမဝင် ဝင်ရောက်နေထိုင်သူတွေရှိနေတာက စဉ်းစားစရာပါ။

ဒီဖြစ်စဉ်မှာ အောက်ခြေကစပြီး အထက်အဆင့်ဆင့်အထိ ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာလည်း ဌာနတွင်း စုံစမ်းစစ်ဆေးဖို့တွေလုပ်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းတာဝန် ပေါ့လျော့ပျက်ကွက်တာတွေ၊ လာဘ်ပေးလာဘ်ယူလုပ်ပြီး ရန်ကုန်မှာ အခြေချဖို့ ခွင့်ပြုပေးခဲ့တာတွေကြောင့် ဒီလိုမျိုးတွေ ဖြစ်လာတာလို့ စစ်ဆေးတွေ့ ရှိရင် လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ရှမ်းမြောက်နဲ့ ကရင်ပြည်နယ် မြဝတီဘက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျားဖျန့်လုပ်ငန်းတွေအပေါ် နှိမ်နင်းတိုက်ဖျက်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ကျားဖျန့်သမားတွေ စီးပွားရေးမြို့တော် ရန်ကုန်မှာ ဘယ်လောက်တောင် ရောက်နေပြီလဲ။

■ ကျားဖျန့်ဂိုဏ်းတွေ ဘယ်မှာနေ

အခြေခံအားဖြင့် လျှပ်စစ်မီး ကောင်းကောင်းမရတဲ့နေရာ၊ ရေကောင်းကောင်းမရတဲ့နေရာတွေမှာ ကျားဖျန့်ဂိုဏ်းတွေ မနေပါဘူး။ အထူးသဖြင့် လျှပ်စစ်မီးနဲ့ ချိတ်ဆက်လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် လျှပ်စစ်မီး ကောင်းကောင်းရတဲ့နေရာတွေမှာ ကျားဖျန့်ဂိုဏ်းသားတွေ နေကြပါတယ်။

အလှည့်ကျစနစ်နဲ့ ဓာတ်အားဖြန့်ဖြူးတဲ့ ရန်ကုန်မှာ ဘယ်နေရာမှတော့ အစိုးရလျှပ်စစ်မီး ပုံမှန်မရပါဘူး။ ဒါပေမဲ့ အဆင့်မြင့်အိမ်ရာတွေနဲ့ ကွန်ဒိုအများစုမှာ အရန်မီးစက်စနစ်တွေ ပါဝင်တာမို့ ၂၄ နာရီနီးပါး လျှပ်စစ်မီးသုံးစွဲလို့ ရပါတယ်။

အဲဒါကြောင့်မို့ လျှပ်စစ်မီး ၂၄ နာရီနီးပါး သုံးလို့ရတဲ့ အဆင့်မြင့်အိမ်ရာတွေနဲ့ ကွန်ဒိုတွေမှာပဲ အွန်လိုင်းလိမ်လည်မှုကနေရတဲ့ ငွေကို ရေလိုသုံးနိုင်တဲ့ ကျားဖျန့်ဂိုဏ်းသားတွေ နေထိုင်ကြပါတယ်။

ဒါဆိုရင် ရန်ကုန်မှာ အဆင့်မြင့်အိမ်ရာတွေနဲ့ ကွန်ဒိုတွေ ဘယ်နေရာတွေမှာ ဘယ်လောက်ရှိသလဲ။ အိမ်ခြံမြေအကျိုးဆောင် ဝက်ဘ်ဆိုက်တချို့ရဲ့ ဖော်ပြချက်အရ ရန်ကုန်မှာ အဆင့်မြင့်ကွန်ဒိုစီမံကိန်းပေါင်း ၆၅ ခုလောက်ရှိတယ်လို့ အတည်ပြုမှတ်တမ်းတင်ထားပါတယ်။ မီနီကွန်ဒိုနဲ့ လုံးချင်းအိမ်ရာဝင်းတွေပါ ထည့်တွက်မယ်ဆိုရင် ၁ဝဝ ကျော်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်လုံခြုံရေးဝန်ထမ်းတွေ ခန့်ထားတဲ့ ဒီလို အဆင့်မြင့်အိမ်ရာတွေနဲ့ ကွန်ဒိုတွေဟာ သာမန်အားဖြင့် ကြည့်ရင်လည်း ငွေကြေးချမ်းသာတဲ့သူတွေ နေထိုင်ကြတဲ့နေရာမို့ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းကကြည့်ရင်လည်း ကျားဖျန့်ဂိုဏ်းသားတွေ မရှိလောက်ဘူးလို့ ထင်မှတ်စရာရှိသလို ကျားဖျန့်ဂိုဏ်းသားတွေဘက်ကကြည့်ရင်လည်း ဒီလိုနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတိထားမိလောက်စရာမရှိဘူးလို့ ယူဆစရာရှိပါတယ်။

Golden River Residence Condo က လုံခြုံရေးဝန်ထမ်းတချို့ဆို ဗမာစကား မတတ်တဲ့ တရုတ်လူမျိုးတွေလို့ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသူတစ်ဦးက ဆိုပါတယ်။

အဲဒီတော့ ချုပ်ကြည့်ရင် အောက်ခြေရပ်ကျေးအုပ်ချုပ်ရေးပိုင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံခြုံရေးအခြေအနေအရ သတိထားဖို့ မလိုလောက်တဲ့ အဆင့်မြင့်အိမ်ရာတွေနဲ့ ကွန်ဒိုတွေမှာ ကျားဖျန့်ဂိုဏ်းတွေ အခြေချနေထိုင်ကြပါတယ်။

■ နှိမ်နင်းတိုက်ဖျက်ဖို့ခက်တဲ့ ကျားဖျန့်

၂ဝ၂၅ ခုနှစ်အတွင်း ကျားဖျန့်လုပ်ငန်းတွေကြောင့် အာရှဒေသတစ်ဝန်းမှာ အမေရိကန်ဒေါ်လာ ၁၃၆ ဒသမ ၅ ဘီလျံ နစ်နာဆုံးရှုံးခဲ့ရသလို ကျားဖျန့်လုပ်ငန်းလုပ်ကိုင်သူတွေဟာ AI နည်းပညာကို ပိုပြီးအသုံးပြုလာကြတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလာတယ်ဆိုပြီး နိုဝင်ဘာ ၁၅ ရက်မှာ CNA က သတင်းဖော်ပြပါတယ်။

ကျားဖျန့်ရာဇဝတ်ဂိုဏ်းတွေဟာ ဖမ်းဆီးခံရခြင်းကနေ ရှောင်ရှားဖို့အတွက် နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုများနဲ့ ပိုမိုအဆင့်မြင့်လာတဲ့ နည်းပညာတွေကို အသုံးချနေကြတာကြောင့် အစိုးရများနဲ့ နည်းပညာကုမ္ပဏီတွေဟာ တိုးပွားလာနေတဲ့ ဒီခြိမ်းခြောက်မှုကို တစ်ဦးတစ်ဖွဲ့တည်း ဖြေရှင်းနိုင်မည်မဟုတ်ဘူးလို့ ကမ္ဘာလုံးဆိုင်ရာလိမ်လည်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့ (GASA) က သတိပေးခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

“နိုင်ငံတွေအနေနဲ့ ဒါကို တစ်ကိုယ်တော် တိုက်ဖျက်လို့ မရပါဘူး။ နည်းပညာကုမ္ပဏီကြီးတွေအနေနဲ့လည်း တစ်ဖွဲ့တည်း တိုက်ဖျက်လို့ မရပါဘူး။ လိမ်လည်သူတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး အမြဲတမ်း လှုပ်ရှားနေကြတာကြောင့် သူတို့ ဖမ်းဆီးခံရနိုင်ခြေက သုညရာခိုင်နှုန်းနီးပါးပဲ ရှိပါတယ်” လို့ GASA အဖွဲ့ရဲ့ မန်နေဂျင်းဒါရိုက်တာ ဂျိုရစ် အေဘရာဟမ်က ပြောပါတယ်။

“တရားဥပဒေစိုးမိုးရေးအဖွဲ့ တွေဖြစ်တဲ့ အင်တာပိုလ် (နိုင်ငံတကာရဲတပ်ဖွဲ့) နဲ့ ယူရိုပိုလ် (ဥရောပရဲတပ်ဖွဲ့) တို့ဟာ ကောင်းမွန်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေကြပေမဲ့ အကန့်အသတ်တွေ ရှိနေပါတယ်" လို့ ဂျိုရစ် အေဘရာဟမ်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာလို အကြီးစားကျားဖျန့်ဂိုဏ်း ခြံဝင်းကြီးတွေကို ဖြိုခွင်းနှိမ်နင်းတာတွေက ရာဇဝတ်မှုလုပ်ငန်းတွေကို အမြစ်ပြတ်ချေမှုန်းနိုင်ခြင်းမရှိဘဲ တခြားဒေသတွေဆီ ပြန့်ကျဲသွားစေခဲ့တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ကျားဖျန့်လုပ်ငန်းတွေဟာ အရှေ့အလယ်ပိုင်းဒေသ၊ မက္ကဆီကိုနဲ့ အရှေ့ဥရောပတို့မှာ ပေါ်ထွက်လာခဲ့ပြီး ရာဇဝတ်ဂိုဏ်းတွေဟာ အကြီးစား ခြံဝင်းကြီးတွေအစား ဟိုတယ်တွေနဲ့ အငှားအိမ်ရာတွေမှာ အဖွဲ့ငယ်တွေ ခွဲပြီး ပိုမိုလှုပ်ရှားလာကြတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေက ကျားဖျန့်ဂိုဏ်းတွေကို ထောက်လှမ်းသိရှိဖို့နဲ့ ဖြိုခွင်းနှိမ်နင်းဖို့ ပိုမိုခက်ခဲစေတယ်လို့ ဂျိုရစ် အေဘရာဟမ်က ဆိုပါတယ်။

အာရှဈေးကွက် ၁၃ ခုမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အရွယ်ရောက်ပြီးသူ ရဝ ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ ၁၂ လအတွင်း ငွေကြေးလိမ်လည်မှုတစ်ခုခုနဲ့ ကြုံတွေ့ ခဲ့ရတယ်လို့ အောက်တိုဘာမှာ ထုတ်ပြန်ခဲ့တဲ့ GASA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

■ ကျားဖျန့်အော်ပရာစီ

အော်ပရာစီ (Operasi) ဆိုတာ မလေးရှားနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ လုပ်ဆောင်တဲ့ ဝင်ရောက်စီးနင်းစစ်ဆေးမှုစီမံချက်ကို မလေးရှားဘာသာစကားနဲ့ ခေါ်ဆိုတဲ့ နာမည်ဖြစ်ပါတယ်။

မလေးရှားမှာရှိတဲ့ ဈေးကြီးတွေ၊ စားသောက်ဆိုင်တန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ လူနေတိုက်ခန်း၊ ရပ်ကွက်တွေမှာ တရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေ၊ သက်တမ်းလွန်နေထိုင်သူတွေနဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးစစ်ဆေးတာကို အော်ပရာစီဝင်တယ်လို့ ခေါ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ဝ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မြန်မာစကား လုံးဝမတတ်တဲ့ နိုင်ငံခြားသားတွေဟာ စစ်ဘေးရှောင်လိုလို၊ ဒုက္ခသည်လိုလို အယောင်ဆောင်ပြီး ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေဆီကို ခိုးဝင်လာနေတယ်လို့ သတင်းရတယ်ဆိုပြီး ပြောပါတယ်။

ဒီလို ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးဖို့အတွက် ဧည့်စာရင်းစစ်တာလောက်နဲ့ လုံလောက်မှုမရှိဘူးလို့ ယူဆတယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

မလေးရှားဘာသာစကားနဲ့ ပြောရရင် အော်ပရာစီလို တစ်နိုင်လုံးအတိုင်းအတာနဲ့ အကြီးအကျယ် စစ်ဆေးဖို့နဲ့ ဒီလိုစစ်ဆေးတာမျိုးလည်း ဒီဘက်ခေတ်မှာ တစ်ကြိမ်တစ်ခါမှ မလုပ်ခဲ့ဖူးလို့ ဒီလို လုပ်ဆောင်ဖို့ရှိ၊ မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးခဲ့ပါတယ်။ ၁၉ရဝ ပြည့်နှစ်ကျော်ဝန်းကျင်က နဂါးမင်းစစ်ဆင်ရေးဆိုပြီး ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့တာကိုလည်း ဦးလှဆွေက ဒီမေးခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆက်စပ်မေးခွန်းအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ပြောတာဟာ ခိုးဝင်ဘင်္ဂါလီတွေကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။

ဒါပေမဲ့ စီးပွားရေးမြို့တော်ရန်ကုန်အထိ ခြေဆန့်လာတဲ့ ကျားဖျန့်ဂိုဏ်းတွေကိုလည်း အော်ပရာစီလို စစ်ဆင်ရေးတွေ လုပ်ဆောင်ပြီး ထိထိရောက်ရောက်နှိမ်နင်းဖို့ လိုအပ်နေပါပြီ။ ရန်ကုန်မှာ ကျားဖျန့်အော်ပရာစီ လုပ်ဖို့ လိုအပ်နေပါပြီ။ မဟုတ်ရင် ရန်ကုန်ဟာ နိုင်ငံတကာ ဒုစရိုက်ဂိုဏ်းတွေ ကြီးစိုးရာ နေရာကြီး ဖြစ်လာပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ကျူးလွန်မှုအပေါ် မူတည်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၃) အနေနဲ့ ပြဋ္ဌာန်းထားပါတယ်။

အနာတစ်ခုက အပ်နဲ့ ထွင်းလို့ရတဲ့အချိန်မှာ အပ်နဲ့မထွင်းရင် ပုဆိန်နဲ့ ပေါက်ရမယ့်အနေအထားတွေ ဖြစ်လာပါလိမ့်မယ်။

ပုံစာ: ရန်ကင်းမြို့နယ်ရှိ Golden City အိမ်ရာမှ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းမှ ဖမ်းဆီးရမိသူများနှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရစဉ်

Photo: MOI

မူရင်းသတင်း — Eleven Media Group