Xinhua Myanmar

ဂျန်ဆင်ဟွမ် ရာထူးပြန်လည်ရရှိသော်လည်း Nvidia အငြင်းပွားမှုများ မပြီးဆုံးသေး

တတိယအကြိမ် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက်ကုန်စည်ပြပွဲ (CISCE) ခေတ်မီထုတ်လုပ်ရေးခေါင်းစဉ်ဖြင့် ကျင်းပသော အခမ်းအနားသို့ တက်ရောက်လာသော Nvidia ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟွမ် (အရှေ့) အား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် ချစ်ပ်ထုတ်လုပ်ရေး ကုမ္ပဏီ Nvidia က ကုမ္ပဏီ၏ ပူးတွဲတည်ထောင်သူ ဂျန်ဆင်ဟွမ်အား ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ရာထူးများတွင် ပြန်လည်ခန့်အပ်လိုက်ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။ Nvidia ဒါရိုက်တာဘုတ်အဖွဲ့က အချိန်တိုအတွင်း သဘောထား ရပ်တည်ချက် ပြောင်းလဲခဲ့ခြင်းသည် ကုမ္ပဏီ၏ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များနှင့် ဉာဏ်ရည်တု (AI) စက်မှုလုပ်ငန်းကွင်းဆက်တွင် ဂျန်ဆင်ဟွမ်၏ ဩဇာလွှမ်းမိုးမှုကို ထင်ဟပ်နေသည့်အပြင် အမေရိကန် အစိုးရ၏ ရပ်တည်ချက်၊ ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားနှင့် ကုမ္ပဏီလုပ်ငန်း စီမံအုပ်ချုပ်မှု စည်းမျဉ်းစည်းကမ်းများအကြား ရှုပ်ထွေးသော အားပြိုင်မှုကိုပါ ပိုမိုပေါ်လွင်ထင်ရှားစေကြောင်း သုံးသပ်သူများက ယူဆကြသည်။

Nvidia ကုမ္ပဏီ ဥက္ကဋ္ဌ ဟာဗေး ဂျုံးစ်က  ဒါရိုက်တာဘုတ်အဖွဲ့အနေဖြင့် ဂျန်ဆင်ဟွမ်၏ ရာထူးကို ပြန်လည်ပေးအပ်ရန် ရည်ရွယ်ချက် မရှိကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် ပြတ်ပြတ်သားသား ပြောကြားခဲ့ဖူးသည်။ ရက်အနည်းငယ်မျှအကြာတွင် Nvidia ဒါရိုက်တာဘုတ်အဖွဲ့က ယင်းသဘောထား နှင့် လုံးဝ ဆန့်ကျင်ဘက် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အစိုးရ၏ သဘောထားသည် ယခုကဲ့သို့ အပြောင်းအလဲ ဖြစ်ပေါ်စေရန် တွန်းအားပေးသည့် အရေးပါသော အကြောင်းရင်း ဖြစ်သည်ဟု ပြင်ပလောကက ယေဘုယျအားဖြင့် ယူဆကြသည်။

အမေရိကန်သမ္မတ ထရမ့်က Nvidia ဒါရိုက်တာဘုတ်အဖွဲ့အနေဖြင့် ဂျန်ဆင်ဟွမ်အား ရာထူးပြန်လည်ပေးအပ်မှုသည် “မှန်ကန်ပြီး သင့်လျော်သော ဆုံးဖြတ်ချက်” ဖြစ်ကြောင်းနှင့် ဂျန်ဆင်ဟွမ် ရာထူးပြန်လည်ရရှိခြင်းကြောင့် အမျိုးသားလုံခြုံရေးအပေါ် အန္တရာယ် ဖြစ်စေမည်ဟု အမေရိကန်အစိုးရကယူဆရန် အကြောင်းပြချက် မရှိကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် Nvidia ဒါရိုက်တာဘုတ်အဖွဲ့နှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အစဉ်တစိုက် ဆက်သွယ်ခဲ့ပြီး ဂျန်ဆင်ဟွမ် ရာထူးပြန်လည်ရရှိရေးကို သဘောတူရန် ဘုတ်အဖွဲ့အား နားချခဲ့သည်ဟု ဆိုသည်။

သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ထရမ့်သည် ဂျန်ဆင်ဟွမ် ရာထူးမှ နုတ်ထွက်ခဲ့သည့် ကိစ္စကို စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် အား ညွှန်ကြားခဲ့ကြောင်း၊  ဗန့်စ်သည် ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် စသူတို့နှင့် ညှိနှိုင်းတိုင်ပင်ပြီးနောက် လွန်ခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှ စတင်ကာ Nvidia ဒါရိုက်တာဘုတ်အဖွဲ့အား ဂျန်ဆင်ဟွမ်ကို ရာထူးပြန်လည်ပေးအပ်ရန် တိုက်တွန်းနားချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

Nvidia ကုမ္ပဏီသာမက ကမ္ဘာလုံးဆိုင်ရာ AI စက်မှုလုပ်ငန်းအတွင်း ဂျန်ဆင်ဟွမ်၏ ဩဇာလွှမ်းမိုးမှုသည်လည်း ဒါရိုက်တာဘုတ်အဖွဲ့က ပြန်လည်စဉ်းစားသုံးသပ်လာစေရန် တွန်းအားပေးသည့် အရေးပါသော အကြောင်းရင်းတစ်ရပ် ဖြစ်သည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာမြို့ရှိ Nvidia ရုံးချုပ် အဆောက်အဦပြင်ပမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

Nvidia ကုမ္ပဏီ၏ ပူးတွဲတည်ထောင်သူ တစ်ဦးအနေဖြင့် ဂျန်ဆန်ဟွမ်သည် ချစ်ပ်နည်းပညာ လမ်းကြောင်း၊ ထုတ်ကုန် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အကြီးစားဝယ်ယူသူများနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ကာလရှည်ကြာ ဦးဆောင်ခဲ့သူ ဖြစ်သည်။

Nvidia သည် ဂရပ်ဖစ်ချစ်ပ် (GPU) ထုတ်လုပ်သည့် ကုမ္ပဏီအဖြစ်မှ ကမ္ဘာလုံးဆိုင်ရာ AI အခြေခံအဆောက်အအုံ၏ အရေးပါသော ပံ့ပိုးပေးသူ အဖြစ် တိုးတက်လာသည်နှင့်အမျှ ဂျန်ဆင်ဟွမ်၏ ပုဂ္ဂိုလ်ရေး ဩဇာလွှမ်းမိုးမှုသည်လည်း သမားရိုးကျ ကုမ္ပဏီလုပ်ငန်း စီမံခန့်ခွဲသူ တစ်ဦး၏ အတိုင်းအတာထက် တစ်နေ့တခြား ကျော်လွန်လာခဲ့သည်။ ဂျန်ဆင်ဟွမ် ရုတ်တရက် ရာထူးမှ နုတ်ထွက်သွားခြင်းသည် Nvidia ကုမ္ပဏီကိုယ်တိုင်အပေါ် သက်ရောက်မှု ရှိရုံသာမက ၎င်း၏ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် မှီခိုနေရသည့် ကုမ္ပဏီအချို့ကိုလည်း မသေချာမရေရာမှုများနှင့် ရင်ဆိုင်ရစေခဲ့သည်။

ယခုနှစ် အောက်တိုဘာလဆန်းပိုင်းတွင် Nvidia ၏ ဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅.၈ ထရီလီယံခန့်အထိ ရောက်ရှိခဲ့သည်။  ဂျန်ဆင်ဟွမ် နုတ်ထွက်ပြီးနောက် Nvidia ၏ စတော့ရှယ်ယာ ဈေးနှုန်းများ  တစ်ဟုန်ထိုးကျဆင်းသွားခဲ့ပြီး ဈေးကွက်တန်ဖိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ထရီလီယံကျော်အထိ ဆုံးရှုံးသွားခဲ့သည်။ ဂျန်ဆင်ဟွမ် ရာထူးပြန်လည်ရရှိသည့် သတင်း ထွက်ပေါ်လာပြီးနောက် နိုဝင်ဘာ ၂၃ ရက်တွင် Nvidia ၏ စတော့ရှယ်ယာ ဈေးနှုန်းသည် ၃၁ ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်ခဲ့ပြီး နည်းပညာ စတော့ရှယ်ယာများ၏ အလားအလာကို အဓိက ထင်ဟပ်စေသည့်  NASDAQ ပေါင်းစပ်ညွှန်းကိန်းမှာလည်း ၆.၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဂျန်ဆင်ဟွမ် ပြန်လည်ရောက်ရှိလာခြင်းသည် အကြီးစားဝယ်ယူသူများ၏ မျှော်မှန်းချက်များကို တည်ငြိမ်စေရန်နှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်ပူပန်မှုများကို လျော့ပါးစေရန် အထောက်အကူဖြစ်စေကြောင်း သုံးသပ်သူများက ယူဆကြသည်။ သို့သော် ဈေးကွက်၏ ယုံကြည်မှု ပြန်လည်မြင့်တက်လာခြင်းသည် AI လုပ်ငန်း၏ ဖွဲ့စည်းပုံဆိုင်ရာ အန္တရာယ်များ အခြေခံကျကျ ပြေလျော့သွားပြီဟု မဆိုလိုပေ။

လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ AI အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုသည် နည်းပညာ ကုမ္ပဏီကြီးများ အနည်းငယ်အပေါ်တွင်သာ အလွန်အမင်း မှီခိုနေရပြီး အဆင့်မြင့်ချစ်ပ် ထောက်ပံ့မှုမှာလည်း အတော်အတန် စုစည်းနေသလို ဒေတာစင်တာ တည်ဆောက်မှု ကုန်ကျစရိတ်များ ဆက်တိုက် မြင့်တက်နေကာ ကြီးမားသော AI ရင်းနှီးမြှုပ်နှံမှုများ၏ ရေရှည် စီးပွားရေး အကျိုးအမြတ် ရရှိနိုင်မှုမှာလည်း လက်တွေ့စမ်းသပ် အတည်ပြုရန် လိုအပ်နေသေးသည်။ ထို့ပြင် ဂျန်ဆင်ဟွမ်နှင့် Nvidia တို့သည် အမေရိကန် ပြည်တွင်း ပါတီနိုင်ငံရေး အားပြိုင်မှုနှင့် ကမ္ဘာ့ဈေးကွက် တိုးချဲ့ရေးတို့အကြား ပဋိပက္ခများကို ဆက်လက် ရင်ဆိုင်ရဦးမည် ဖြစ်သည်။

အမေရိကန် Nvidia ကုမ္ပဏီ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟွမ် တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီ (CCPIT) ၌ သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျန်ဆင်ဟွမ်က အမေရိကန်အနေဖြင့် နည်းပညာဦးဆောင်မှုကို ထိန်းသိမ်းခြင်း၊ အဆင့်မြင့် နည်းပညာများကို ကမ္ဘာတစ်ဝန်း အသုံးချမှုနှင့် ဈေးကွက်လွှမ်းခြုံမှု တိုးချဲ့ခြင်းတို့မှတစ်ဆင့် ယှဉ်ပြိုင်နိုင်စွမ်း၏ အားသာချက်ကို ဆက်လက်ထိန်းသိမ်းထားရန် အဆိုပြုထားပြီး ၎င်းပြန်လည်ရောက်ရှိလာခြင်းသည် ထရမ့်အစိုးရ၏ ထောက်ခံအားပေးမှုကို ရရှိထားသည်။ သို့သော် ဒီမိုကရက်တစ်ပါတီဝင်များ ဦးဆောင်သည့် အမေရိကန် နိုင်ငံရေးသမား အချို့ကမူ အဆင့်မြင့် AI ချစ်ပ်များ ပြည်ပတင်ပို့မှု ကန့်သတ်ချက်များကို ပိုမိုတင်းကျပ်ရန် အဆိုပြုလျက်ရှိသည်။ ဒီမိုကရက်တစ်ပါတီမှ ဖက်ဒရယ် အထက်လွှတ်တော်အမတ် Elizabeth Warren က Nvidia ဒါရိုက်တာဘုတ်အဖွဲ့၏ ဂျန်ဆင်ဟွမ်အား ရာထူးပြန်လည်ခန့်အပ်သည့် ဆုံးဖြတ်ချက်မှာ “မဆင်မခြင် လုပ်ဆောင်ခြင်း” ဖြစ်သည်ဟု ယူဆကြောင်းနှင့် စည်းမျဉ်းစည်းကမ်း လိုက်နာဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ကုမ္ပဏီအနေဖြင့် လွှတ်တော်သို့ ရှင်းလင်းတင်ပြရန် တောင်းဆိုခဲ့သည်။ ယင်းအချက်က ဂျန်ဆင်ဟွမ်အနေဖြင့် ကုမ္ပဏီ၏ ကမ္ဘာ့ဈေးကွက် တိုးချဲ့ရေးကို ဆက်လက်တွန်းအားပေးနိုင်မည်လော ဆိုသည်မှာ လွှတ်တော်၏ ကန့်သတ်ထိန်းချုပ်မှု ခံရနိုင်ဖွယ် ရှိနေသေးကြောင်း ပြသနေသည်။

Nvidia ဒါရိုက်တာဘုတ်အဖွဲ့သည် ဂျန်ဆင်ဟွမ်၏ ရာထူးနုတ်ထွက်မှုကို လက်ခံခြင်း၊ ရာထူးပြန်လည်ပေးအပ်ရန် လူသိရှင်ကြား ငြင်းပယ်ခြင်းတို့မှတစ်ဆင့် အချိန်တိုအတွင်း ၎င်းပြန်လည်ရောက်ရှိလာရေး တညီတညွတ်တည်း သဘောတူခဲ့ခြင်းအထိ ဖြစ်ပေါ်ခဲ့မှုများက ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအပေါ် သံသယမေးခွန်းများ ဖြစ်ပေါ်စေခဲ့ပြီး ၎င်း၏ စီမံအုပ်ချုပ်မှု လုပ်ငန်းစဉ်များအပေါ် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် အချိန်ပိုမို လိုအပ်မည် ဖြစ်ကြောင်း အမေရိကန် ဈေးကွက်သုတေသန အဖွဲ့အစည်းတစ်ခုမှ အကြီးတန်း ဈေးကွက်မဟာဗျူဟာမှူး ရှေး Shay Boloor က သုံးသပ်ပြောကြားခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

综述|黄仁勋复职 英伟达争议未止

新华社旧金山11月23日电 综述|黄仁勋复职 英伟达争议未止   新华社记者吴晓凌   

美国芯片制造商英伟达公司23日宣布,恢复公司联合创始人黄仁勋的总裁、首席执行官及董事会成员职务。分析人士认为,英伟达董事会在短时间内改变立场,反映出黄仁勋在公司战略决策和人工智能(AI)产业链中的影响力,更凸显了美国政府立场、投资者利益与企业治理原则之间的复杂博弈。   

英伟达公司董事长哈维·琼斯17日曾明确表示,董事会无意恢复黄仁勋职务。仅仅几天后,英伟达董事会便作出截然相反的决定。外界普遍认为,美国政府的态度是促成这一转变的重要因素。   

美国总统特朗普23日表示,英伟达董事会恢复黄仁勋职务是“正确且恰当的决定”,美国政府没有理由认为黄仁勋复职会对国家安全构成风险。他一直在通过直接或间接方式与英伟达董事会沟通,并说服董事会同意黄仁勋复职。据消息人士透露,特朗普要求副总统万斯调查黄仁勋辞职一事。在与司法部长托德·布兰奇等人协商后,万斯上周末开始劝说英伟达董事会恢复黄仁勋职务。   

黄仁勋在英伟达乃至全球AI产业中的影响力,也是推动董事会重新考量的重要因素。   

作为英伟达公司联合创始人,黄仁勋长期主导芯片技术路线、产品研发、大型客户合作及全球供应链协调。随着英伟达从图形芯片制造商发展成为全球AI基础设施的重要供应商,黄仁勋的个人影响力也日益超出传统企业管理者的范畴。黄仁勋突然离职不仅影响英伟达自身,还会使部分依赖其技术、投资和商业合作的企业面临不确定性。   

今年10月初,英伟达市值达到约5.8万亿美元。黄仁勋辞职后,英伟达股价急剧下跌,市值一度累计蒸发超2万亿美元。黄仁勋复职消息公布后,英伟达股价23日大涨逾31%,集中体现科技股走势的纳斯达克综合指数涨幅达到6.51%。   

分析人士认为,黄仁勋回归有助于稳定大型客户的预期,缓解合作伙伴及投资者的担忧。不过,市场信心回升并不意味着AI产业的结构性风险得到根本缓解。当前,全球AI基础设施投资高度依赖少数科技巨头,先进芯片供应相对集中,数据中心建设成本持续上升,而大规模AI投资的长期商业回报仍有待验证。此外,黄仁勋以及英伟达还将继续面对美国国内党争与全球市场拓展之间的矛盾。   

黄仁勋主张美国通过保持技术领先、扩大先进技术的全球应用及市场覆盖来维持竞争优势,其回归得到特朗普政府支持。而以民主党人为代表的美国部分政界人士主张进一步收紧先进AI芯片出口限制。民主党籍联邦参议员伊丽莎白·沃伦认为,英伟达董事会恢复黄仁勋职务的决定是“鲁莽”的,要求该公司就合规情况向国会作出解释。这表明,黄仁勋能否继续推动公司拓展全球市场仍可能受到国会制约。   

美国一家市场研究机构的首席市场策略师谢伊·博卢尔认为,英伟达董事会从接受黄仁勋辞职、公开拒绝其复职,到短时间内一致同意其回归,引发了对该公司治理的质疑,重建对其治理程序的信任需要更长时间。(完)

图说1:2025年7月17日,英伟达公司总裁兼首席执行官黄仁勋(前)参加第三届链博会先进制造主题活动。新华社记者 鞠焕宗 摄

图说2:这是位于美国加利福尼亚州圣克拉拉市的英伟达总部外景(资料照片)。 新华社发

图说3:2025年7月15日,美国英伟达公司创始人兼首席执行官黄仁勋在中国贸促会接受记者采访。新华社记者赵博 摄

မူရင်းသတင်း — Xinhua Myanmar