
ပုလဲ (NP News) - နိုဝင်ဘာ ၂၅
ပြည်ပမှတင်သွင်းလာသည့်သံများနှင့်ပုံစံတူထုတ်လုပ်၍ ဈေးကွက်အတွင်းရောင်းချခြင်းများ ရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်း သုံးသံနှင့်သံမဏိလိုအပ်ချက်အများစုကို ပြည်ပမှ တင်သွင်းနေရပြီး ထိုသို့ ပြည်ပမှတင်သွားလာသည့် သံဒီဇိုင်းများအတိုင်း မိုလောင်း၍ အတုထုတ်လုပ်မှုများရှိနေကြောင်း သိရသည်။
“အရည်အသွေးစစ်တဲ့ ဓာတ်ခွဲခန်းတွေက အများကြီးလိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု HRB (၅၀ဝ)တို့ ဘာတို့ညာတို့ခေါ်ပြီး ထွက်နေတယ် ပေါ့နော်။ နောက်ပြီးတော့ နိုင်ငံခြားသံတံဆိပ်တွေကိုလည်း ဒီမှာက မိုတွေနဲ့ လုပ်ပြီး တော့ အဲဒီ ဒီဇိုင်းအတိုင်း တူအောင်လောင်းနေတဲ့အတုတွေလည်း ရှိတယ် ဈေးကွက်ထဲမှာလေ။ ရှိနေတဲ့အခါကျတော့ ဒါတွေက မဖြစ်မနေလိုအပ်တယ်ပေါ့နော်။ ဘာပဲပြောပြော ဆောက်လုပ်ရေးပစ္စည်းတွေ စံချိန်မီမှသာ ဆောက်လုပ် ရေးလုပ်သားတွေက စံချိန်မီမှသာ အဆောက်အအုံတွေကလည်း စံချိန်မီမှာလေ။ ဆောက်တဲ့လူတစ်ယောက်တည်းနဲ့ အင်ဂျင်နီယာကိုပဲ ကြီးကြပ်လို့မရဘူးပေါ့နော်။ ကျန်တဲ့ Material အပိုင်းကလည်း ဒါတွေလုပ်ဖို့ လုပ်ပေးနိုင်မှသာလျှင် ပြီးမှာပေါ့နော် ဆောက်လုပ်ရေးကဏ္ဍက”ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။
ထို့ကြောင့် သံနှင့်သံမဏိများကို အရည် အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရေး အရည်အသွေးစစ် ဆေးရန် ဓာတ်ခွဲ ခန်းများထူထောင်နိုင်ရန် မဖြစ်မနေ လိုအပ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုထားသည်။
“သံမဏိအရည်အသွေးစစ်တာတွေကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာလည်း Lab ရှိ တယ် သုဝဏ္ဏမှာ။ အရည်အသွေးစစ်တဲ့ဟာရှိတယ်။ ဒါပေမဲ့ ဌာနဆိုင်ရာတွေ များများလုပ်သင့်တယ်ပေါ့နော်။ နောက်ပိုင်းကျရင် Qualification အရမ်း စစ်မှာကိုး၊ Quality ကိုစစ်မှာဖြစ်တဲ့အတွက် လိုတယ် ပေါ့နော်။ Standardization လုပ်ရင်တော့ လိုတယ်” ဟုပြောသည်။
အစိုးရအနေဖြင့်လည်း ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတွင် အမျိုးသားအဆင့်ဓာတ်ခွဲခန်းများ ထူထောင်နိုင်ရန် ပြင်ဆင်နေကြောင်းလည်းသိရသည်။
“မန္တလေးစက်မှုဇုန်အတွင်းရှိ ဝန်ကြီးဌာန ပိုင်မြေနေရာတွင် ဒေသဆိုင်ရာ သံ၊ သံမဏိ ဓာတ်ခွဲ ခန်းအဆောက် အအုံ(၄၀ x ၅၀ x ၁၅)တည်ဆောက် နိုင်ရေးအတွက် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် တင်ဒါဖွင့်ဖောက်၍ နည်းပညာ ပိုင်းဆိုင်ရာ (Technical) စိစစ်လျက်ရှိပါတယ်”ဟုပြောသည်။ ထို့အတူဒေသ ဆိုင်ရာ သံ၊ သံမဏိဓာတ်ခွဲခန်းသုံး စက်ပစ္စည်း (၉)မျိုးဝယ်ယူတပ်ဆင်နိုင်ရေးအတွက် တင်ဒါခေါ်ယူခဲ့ရာ အောင်မြင်သည့်ကုမ္ပဏီမရှိသောကြောင့် ထပ်မံ တင်ဒါခေါ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ထို့ပြင် အမျိုးသားအဆင့် သံ၊ သံမဏိ ဓာတ်ခွဲခန်းကိုလည်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်း ထောင့်ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာန တွင် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကာ အမျိုးသားအဆင့် သံ၊ သံမဏိ ဓာတ်ခွဲခန်းသုံးစက်ပစ္စည်း(၁၆)မျိုး ဝယ်ယူ နိုင်ရေးအတွက် တင်ဒါခေါ်ယူခဲ့သော်လည်း အောင်မြင်သည့်ကုမ္ပဏီမရှိသောကြောင့် ထပ်မံတင်ဒါခေါ်ယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။