
စော(NP News)-နိုဝင်ဘာ ၂၅
အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ကယ်တင်ခဲ့ရသော အိန္ဒိယနိုင်ငံသား (၂) ဦးကို ရန်ကုန်လေဆိပ်မှတစ်ဆင့် ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ယနေ့ (နိုဝင်ဘာ ၂၅ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ၏ အကူအညီဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ကယ်တင်ခဲ့သော အိန္ဒိယနိုင်ငံသား (၂) ဦးကို ယနေ့ (နိုဝင်ဘာ ၂၅ရက်)တွင် ရန်ကုန်လေဆိပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၂) ခုနှစ်၊ ဇူလိုင်လမှစတင်၍ အိန္ဒိယနိုင်ငံသား စုစုပေါင်း (၂,၅၄၀) ဦးကို ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင် ကမ်းလှမ်းမှု အတုအယောင်များနှင့် ပတ်သက်၍ သံရုံးမှ ထပ်မံအသိပေးထုတ်ပြန်ထားသည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေခံနေရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအနေဖြင့် အရေးပေါ်အကူအညီလိုအပ်ပါက အိန္ဒိယသံရုံး၏ ဖုန်းနံပါတ် +၉၅၉၅၄၁၉၆၀၂ သို့မဟုတ် အီးမေးလ် cons.yangon@mea.gov.in မှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။