Positive Angle News

အမြန်လမ်း မိုင်တိုင် ၂၁ အနီး သွေးတိုးရောဂါကြောင့် မူးဝေသည့် ယာဉ်မောင်း ကားဖြင့် လမ်းလယ်ကျွန်းရှိ သစ်ပင်ကို ဝင်တိုက်

(ပြည်တွင်း) နိုဝင်ဘာ ၂၅

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၁/၃-၄ အကြားတွင် သွေးတိုးရောဂါကြောင့် ရုတ်တရက်မူးဝေသည့် ယာဉ်မောင်းတစ်ဦးက မောင်းနှင်လာသော TOYOTA WISH ယာဉ်သည် လမ်းလယ်ကျွန်းရှိ အရိပ်ရသစ်ပင်ကို ဝင်တိုက်ခဲ့သော်လည်း ယာဉ်ပေါ်ပါသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီခန့်က နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် အမြန်လမ်းအပြန်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး လိုက်ပါလာသည့် အဖြူရောင် TOYOTA WISH ယာဉ်သည် မိုင်တိုင် ၂၁/၃-၄ အနီးအရောက်၌ ယာဉ်မောင်းမှာ သွေးတိုးရောဂါကြောင့် ရုတ်တရက်မူးဝေသွားပြီး လမ်းလယ်ကျွန်းရှိ အရိပ်ရသစ်ပင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း လမ်းလယ်ကျွန်းရှိ အရိပ်ရသစ်ပင်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီး အသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် မိမိတို့၏ ကျန်းမာရေးအခြေအနေကို ဂရုစိုက်ရန် လိုအပ်ပြီး အသက် ၆၀ နှစ်အထက်ရှိသူများ၊ သွေးတိုး၊ ဆီးချို၊ အတက်ရောဂါ၊ နှလုံးရောဂါ၊ အိပ်ငိုက်ရောဂါ (Obstructive Sleep Apnea – OSA) ရှိသူများ၊ မျက်စိအမြင်အားနည်းသူများနှင့် အာရုံကြောအားနည်းသူများအနေဖြင့် သက်ဆိုင်ရာဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများ၏ ခွင့်ပြုချက်ရရှိမှသာ ယာဉ်မောင်းနှင်ကြရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားသည်။

မူရင်းသတင်း — Positive Angle News