
ကိုလံဘီယာ၌ သေနတ်သမားများက စူပါမားကတ်တစ်ခုတွင် လူ ၂၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားသောကြောင့် လုံခြုံရေးတပ်ဖွဲ့များနှင့် အခြေအနေတင်းမာနေသည်။
သေနတ်သမားများက စူပါမားကတ်ထဲ၌ ဓားစာခံ ၂၀ ခန့်ကို ထိန်းသိမ်းထားချိန် လုံခြုံရေးတပ်ဖွဲ့များက အခြေအနေတင်းမာနေသည့် တစ်ရက်ကြာ လိပ်ခဲတည်းလည်းအခြေအနေကို အဆုံးသတ်ရန် ကြိုးပမ်းနေစဉ် နိုဝင်ဘာ ၂၄ ရက်တွင် ကိုလံဘီယာသမ္မတသည် ကာရီဘီယမ်ခရီးသွားမြို့ ကာတာဂျီးနားသို့ ရောက်ရှိလာခဲ့သည်။
သေနတ်သမားများသည် သံချပ်ကာယာဉ်ကို လုယက်ရာ၌ ထင်သလိုဖြစ်မလာသောကြောင့် ၎င်းတို့သည် စတိုးဆိုင်ထဲ ဝင်ပြေးသွားခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
ထို့ကြောင့် ရဲများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ အထူးတပ်ဖွဲ့များက စူပါမားကတ်ကို ဝိုင်းထားလိုက်ကြပြီး နယ်မြေတစ်ဝိုက်ကိုလည်း လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့သည်။
နာရီပေါင်းများစွာကြာအောင် ဆွေးနွေးခဲ့ပြီးနောက် မူလ ဖမ်းဆီးခံထားရသော ဓားစာခံ ၃၀ ထဲက ၁၀ ဦး ပြန်လည်လွတ်မြောက်လာခဲ့သည်။ လွတ်မြောက်လာသူများထဲတွင် အသက်ကြီးပိုင်း အမျိုးသမီးအချို့ပါဝင်သည်။
ထို့နောက် မကြာသေးမီကမှ ရွေးကောက်ခံထားရသော သမ္မတ အဘယ်လာဒိုဒီလာအက်စပီရယ်လာသည် အခင်းဖြစ်ရာနေရာသို့ ရောက်လာခဲ့ပြီး အထူးပြန်ပေးနှိမ်နင်းရေးတပ်နှင့် ခြိမ်းခြောက်ငွေညှစ်မှုတိုက်ဖျက်ရေးတပ်တို့မှ ခေါင်းဆောင်များကို အလေးပြုကာ လက်ဆွဲနှုတ်ဆက်ခဲ့သည်။
သမ္မတ ဒီလာအက်စပီရယ်လာက လက်နက်ကိုင်ပြောက်ကျားများ သို့မဟုတ် ပြည်သူ့စစ်ရဲအုပ်စုများ၏ ပါဝင်ပတ်သက်မှုကို ငြင်းဆန်ခဲ့သည်။
"လက်နက်ကိုင်ပြောက်ကျားတွေက လုပ်တာမဟုတ်ပါဘူး။ ပြန်ပေးဆွဲတာကို အကြမ်းဖက်အုပ်စုက လုပ်တာဖြစ်ပါတယ်။ သူတို့ဟာ အလစ်အငိုက်လုပ်ကြတဲ့ ရာဇဝတ်သားတွေဖြစ်ပါတယ်။ ထွက်ပေါက်မရှိတဲ့အခါ သူတို့က လူအုပ်စုကို ပြန်ပေးဆွဲခဲ့တာပါ "ဟု ကိုလံဘီယာသမ္မတက ပြောကြားခဲ့သည်။
မျက်နှာဖုံးစွပ်ထားသော သေနတ်သမားများက ရိုင်ဖယ်သေနတ်များ ကိုင်ကာ ဓားစာခံများ၏ဘေးတွင် ရပ်နေကြသည်ကို ကိုလံဘီယာမီဒီယာနှင့် ဆိုရှယ်မီဒီယာတွင် ဖော်ပြနေသောပုံများ၌ မြင်ရသည်။ ဓားစာခံများသည် စတိုးဆိုင်းထဲက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြပုံပေါ်သည်။
ဒေသတွင်း မီဒီယာက ဖော်ပြရာတွင် သေနတ်သမားများက ဒေါ်လာနှစ်သန်းနီးပါးကို တောင်းဆိုထားကြသည့်အပြင် သံချပ်ကာယာဉ်နှစ်စင်းကိုလည်း တောင်းထားသည်ဟု ဆိုသည်။ ထို့အပြင် ကိုလံဘီယာ၏ ကာရီဘီယမ်ကမ်းရိုးတန်းရှိ အရှေ့မြောက်ဘက် မိုင် ၈၀ (ကီလိုမီတာ ၁၃၀) ဝေးသော ဘာရန်ကွီလာမြို့သို့ ဘေးကင်းကင်းသွားရေးကိုလည်း တောင်းဆိုထားသည်ဟု ဆိုသည်။
ကိုလံဘီယာနိုင်ငံ၏အချို့ဒေသများတွင် လုံခြုံရေးအခြေအနေဆိုးရွားလာချိန်တွင် ဓားစာခံပြဿနာ ပေါ်လာခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၃ ရက်တုန်းကလည်း အစိုးရဆန့်ကျင်သည့် ဖာ့စ်သူပုန်အုပ်စုက ဗီလာဗီဆန်စီယိုမြို့တွင် ကားဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် ၂၅ ဦး ဒဏ်ရာရခဲ့ပြီး ကြီးမားသော ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
Ref:AFP