NP News

The Central ဘက်သို့ ဝယ်ယူသူများ ဆက်သွယ်၍မရသည်မှာ (၂)လခန့်ကြာမြင့်လာ

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၅
The Central နှင့်ပတ်သက်သည့်ဖြစ်စဉ်မှာ (၂)လခန့်ကြာမြင့်ပြီဖြစ်သော်လည်း ဝယ်ယူသူများအနေဖြင့် The Central ဘက်မှတာဝန်ရှိသူများထံ သို့ဆက်သွယ်၍မရသေးကြောင်း The Central ကွန်ဒိုမှ တိုက်ခန်းဝယ်ယူထားသူ တစ်ဦးက NP News သို့ပြောသည်။
“စသုံးလုံး စစစ်တည်းက အဆက်အသွယ် မရတာ ဒီနေ့အထိပဲ။ (၂) လပြည့်တော့မယ်။ အခု (၁)လခွဲလောက် တော့ရှိသွားပြီ”ဟု ၎င်းကပြောသည်။ The Central ဘက်မှ ဝယ်ယူသူများထံသို့ တရားဝင် အကြောင်းပြန်ခြင်း မရှိသေး သည့်အပြင် လူကိုယ်တိုင် တွေ့ဆုံခြင်းနှင့် ဖုန်းဖြင့်ဆက်သွယ်ခြင်းများလည်း မရရှိသေးကြောင်း သိရသည်။
“Central ဘက်ကတော့ အစ်မတို့ကို တရားဝင်ဆက်သွယ်ခြင်းလည်းမရှိသလို Post တွေလည်း သူတို့က မတင်တော့ဘူး။ ပြီးတော့ သူတို့က အစ်မတို့ကိုဆက်သွယ်လို့ရတယ်ဆိုပြီးတော့ ဖောင်တွေဖြည့်ခိုင်းပြီးတော့လည်း ဖောင်တွေတင်ထားတာ ပဲရှိတယ်။ ဘာမှလည်း အကြောင်းမပြန်ဘူး။ Central ဘက်က လူချင်းလည်းမတွေ့ရသလို ဖုန်းအဆက်အသွယ်လည်းမရဘူး။ သူတို့က ဆက်သွယ်ပါဆိုပြီးတော့ အစ်မတို့ကို သူတို့ Page မှာ ဖောင်တင်ဖို့ Link ထည့်ပေးထားတာကလည်း ကိုယ့်အခန်းနံပါတ်တွေ၊ အချက်အလက်တွေဖြည့်ပြီးတော့ သူတို့ကိုပို့တော့လည်း သူတို့ ဘက်က ဘာမှပြန်မလာဘူး”ဟု ၎င်းကပြော သည်။
ထို့ပြင် ဟောင်ကောင်ရှိ The Central ရုံးသို့သွားရောက်စုံစမ်းသူများမှာလည်း တိကျသည့် အဖြေတစ်စုံ တစ်ရာမရရှိခဲ့ကြောင်း ၎င်းကပြောသည်။
“နောက်ဆုံး ဟောင်ကောင်ကသူတို့ရုံးကို လိုက်သွားတဲ့သူတွေလည်း ဟောင်ကောင်ရုံးမှာ ဘာမှ မတွေ့ခဲ့ရဘူး။ အချိန်လည်း ကုန်လူလည်း ပင်ပန်း အဲဒီလိုသဘောမျိုးဖြစ်နေတာ။ သူတို့ကတော့ သူတို့ Page မှာတင်ထားရင်တော့ အစစ်ဆေးခံနေလို့ မဆက်သွယ်တာပါလို့ပဲပြောနေတယ်။ ဒါပေမဲ့ သူတို့ Central ကြီးမှာ ပွဲတွေလုပ်နေတာကျ ဘယ်သူ တွေ လုပ်နေလဲ အစ်မတော့မပြောတတ်ဘူး”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် The Central ကွန်ဒိုကို စသုံးလုံးမှစစ်ဆေးပြီး အစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ “စသုံး လုံးကတော့ စစ်ပြီးသွားပြီ။ အစိုးရလူကြီးအဖွဲ့ကို ပေးလိုက်ပြီ။ သူတို့ကနေမှ နောက်ထပ် အစိုးရလူကြီးတွေပေါ့နော် သက်ဆိုင်ရာ ဥပမာ ဆောက်လုပ်ရေးဝန်ကြီးဌာန အဲဒီလိုဝန်ကြီးဌာနတွေက သက်ဆိုင်ရာလူကြီး တွေဖွဲ့ပြီးတော့ ဒါကိုဘာဆက်လုပ်ရမလဲ၊ ဘယ်လို ဆက်လုပ်ကြမလဲဆိုတာ သူတို့တွေက ဆုံးဖြတ်မယ် လို့ပြောတာပဲ”ဟု ၎င်းကပြောသည်။

မူရင်းသတင်း — NP News