Myanmar Digital News

ကျွန်းလှမြို့နယ်၌ မိုးရာသီစိုက်ပျိုးခဲ့သော ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ နိုဝင်ဘာ ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် ပဲမျိုးစုံသီးနှံကို မိုးရာသီနှင့် ဆောင်းရာသီ၌ အဓိကစိုက်ပျိုးကြရာ ယခုနှစ် မိုးရာသီစိုက်ပျိုးခဲ့သော ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 

“ကျွန်တော် ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပဲစင်းငုံ ၃ ဧက စိုက်ပျိုးထားပါတယ်။ စိုက်ပျိုးရာမှာ စိုက်ပျိုးရေးဦးစီးဌာနက စိုက်နည်းစနစ်မှန်ကန်ဖို့နဲ့ သဘာဝမြေဩဇာပြုလုပ်သုံးစွဲဖို့ စိုက်ခင်းအထိလာရောက် အသိပညာပေးခဲ့ပါတယ်။ အခုအခါ ပဲစင်းငုံစိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပါတယ်” ဟု မန်ကျည်းအင်းကျေးရွာ ပဲစင်းငုံစိုက် တောင်သူတစ်ဦးကပြောသည်။

 

အဆိုပါ ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။

 

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးရန် ၁၅၁၈၂ ဧက လျာထားတဲ့အနက် ပဲတီစိမ်း ၅၄၀၁ ဧက၊ ပဲစင်းငုံ ၁၁၅၁၂ ဧက စုစုပေါင်း ၁၆၉၁၃ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)

မူရင်းသတင်း — Myanmar Digital News