
ပုလဲ (NP News) - နိုဝင်ဘာ ၂၅
မိုးထိမိုးမိဒေသရှိ ဧက(၆၁၀ဝ)ကျော် ကျယ်သည့် လုပ်ကွက်ကြီး(A)ကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင်ကို လုပ်ပိုင်ခွင့်ပေးထားကြောင်း သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ NP News သို့ ပြန်လည်ဖြေကြားထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၉)ရက်က နေပြည်တော်ရှိ ရုံးအမှတ် (၅)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ (၆/၂၀၂၆) ကြိမ်မြောက် အစည်းအဝေး တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၁၆)ခုကို ခွင့်ပြုပေးခဲ့ပြီး ရွှေသတ္တုအကြီးစားတူးဖော်ထုတ်လုပ်ခြင်းလုပ် ငန်းသစ်တစ်ခုလည်းပါဝင်ကြောင်း ထုတ်ပြန် ချက်အရ သိရသည်။
“သတ္တုက ထုတ်လုပ်ခွင့်လိုင်စင်ပေးပြီးတဲ့ ဟာကိုမှ MIC ပြန်တင်တာပေါ့နော်။ ကြာပြီ။ ပေးတာ (၂)နှစ်လောက် တောင်ရှိပြီ။ လုပ်ကွက်ကတော့ ရမည်းသင်းပါပဲ၊ လုပ်ကွက်(A)ပါပဲ။ ပေးထားတာ ကြာပြီ။ အဓိကကတော့ MIC တင်ရင် တခြားသွင်း ကုန်တို့ဘာတို့ဆိုတော့ MIC ကသွားတာပေါ့။ အကြီး စားလုပ်ကွက်ဆိုတော့”ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နီးစပ်သူ တစ်ဦးက NP News သို့ပြောသည်။
ခွင့်ပြုမိန့်ရရှိထားသည့်နေရာသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိ မိုးမိ ဒေသတွင်တည်ရှိ၍ မြေဧရိယာ(၆၁၀၅)ဧကရှိပြီး ခွင့်ပြုမိန့်သက်တမ်းမှာ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက် လျက်ရှိကြောင်းလည်း သယံဇာတနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ NP News သို့ ပြန်လည်ဖြေကြားခဲ့သည်။
“မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသရှိ လုပ်ကွက်ကြီး(A)သည် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်ပြီး နိုင်ငံခြားရင်းနှီး မြှုပ်မှု(FDI)မဟုတ်ပါ။ လုပ်ကွက်(A)အတွင်း ဓာတ် သတ္တုရွှေ အကြီးစား ထုတ်လုပ်ရာတွင် သဘောတူစာ ချုပ်ပါအတိုင်း ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့် စနစ်ဖြင့်ဆောင် ရွက်လျက် ရှိပါသည်။ သဘောတူစာ ချုပ်ပါအတိုင်း ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက် ရှိပါသည်”ဟု ဝန်ကြီးဌာနမှပြန်လည်ဖြေကြားထား သည်။
ရွှေပါဝင်သည့် သတ္တုရိုင်းကျောက်များကို မြေအောက်တူးဖော်ခြင်းနည်းစနစ် (Undergrounding Minding Method)ဖြင့် လုပ်ကိုင်လျက်ရှိ ကြောင်းလည်း ထည့်သွင်းဖြေကြားခဲ့သည်။
“ရှင်းရှင်းပြောရရင် လုပ်ကွက်(A)ပေါ့ နော်။ MEC ဟာတွေ” ဟု အဆိုပါလုပ်ငန်းရှင်များနှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ တရားဝင်လုပ်ကွက်ချပေးမှုအပေါ် ကြိုဆိုကြောင်း ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းရှင်များ အပေါ်တွင် တစ်ပြေးညီဖြစ်သင့်ကြောင်းကို သတ္တုလုပ်ငန်းရှင်တစ်ဦးကလည်း NP News သို့ သုံးသပ်ပြောကြားထားသည်။
“တရားဝင်လုပ်ကွက်ချထားပေးတာကို ကြိုဆိုပါတယ်။ ဝန်ကြီးဌာနအနေနှင့်မူဝါဒချမှတ်ထားရင် ပြည်သူတွေ အပေါ်၊ လုပ်ငန်းရှင်တွေအပေါ်မှာ တစ်ပြေးညီဖြစ်ဖို့လိုတာပေါ့။ ဒီလုပ်ကွက်ကို ဦးပိုင်မှ တစ်ဆင့်လျှောက်ပေးခဲ့ တာလို့သိရပါတယ်။ လုပ်ကွက်လျှောက်ထားခြင်းကို ဝင်စာဌာနမှလက်မခံတော့ ကြောင်း၊ ရပ်နားထားကြောင်းထုတ်ပြန် ထားပြီးပေး ချင်တဲ့ company ၊ အဖွဲ့အစည်းကိုလုပ်ကိုင်ခွင့်ပေး တာကြတော့ ထောက်ပြစရာဖြစ်လာတာပေါ့”ဟု ၎င်း ကပြောသည်။