Myanmar Digital News

ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရနှင့် စစ်ကိုင်းမြို့နယ်တို့တွင် ငွေကျပ် ငါးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၉ သိန်းကျော်နှင့် ဘိန်းဖြူ ၄၈ ကီလိုကျော် သိမ်းဆည်းရမိ

နေပြည်တော် နိုဝင်ဘာ ၂၅

 

ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရနှင့် စစ်ကိုင်းမြို့နယ်တို့တွင် ငွေကျပ် ငါးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၉ သိန်းကျော်နှင့် ဘိန်းဖြူ ၄၈ ကီလိုကျော် သိမ်းဆည်းရမိပြီး ဖမ်းဆီးမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီခွဲတွင် သတင်းအရ ပြည်ကြီးတံခွန်မြို့နယ် (ဂ)ရပ်ကွက်နေ မနှင်းနှင်းဦး(ခ)ဂျပန်မ၏နေအိမ်မှ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ အောက်တိုဘာ ၂၉ ရက်တွင် ပုသိမ်ကြီးမြို့နယ် နားဋောင်းကျရွာနေ မိုးထက်အောင်(ခ)မိုးထက်အား ဘိန်းဖြူ ၂ ဒသမ ၂ ကီလို၊ Nissan Tiida ယာဉ်တစ်စီးတို့နှင့် လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့တွင် အမရပူရမြို့နယ်၌ အေးချိုအား ဘိန်းဖြူ ၂၂ ကီလို၊ ဆိုင်ကယ်တစ်စီးတို့နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် စောကဲဘလူးမူးနှင့် မဖြူဖြူဝင်းတို့အား ကလေးမြို့၌ လည်းကောင်း၊ မအိအိကျော်(ခ) အိကျော်နှင့် ထက်ပိုင်မှူး(ခ)ထက်ပိုင်အား ပြည်ကြီးတံခွန်မြို့နယ်၌လည်းကောင်း၊ အောင်ခိုင်စိုး(ခ)သားထူးအား ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၂)ရှိ ဟိုတယ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 

မိုးထက်အောင်(ခ)မိုးထက်၏ ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်တွင် နောင်နောင်အား စိတ်ကြွဆေးပြား တစ်သိန်း၊ သုံးဘီးယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၄ ရက်တွင် ချမ်းမြသာစည်မြို့နယ်၌ ဖမ်းဆီးရမိစိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ရာဇာလင်းနှင့် ဆုအောင်ကိုလည်းကောင်း၊ ထင်ကျော်(ခ)ကျော်ကြီးအား ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ နိုဝင်ဘာ ၆ ရက်တွင် ကျော်ဇင်ထွေး အား ချမ်းမြသာစည်မြို့နယ်၌ ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း ဖမ်းဆီးရမိပြီး ၎င်းတို့၏ဖော်ထုတ်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့်ပူးပေါင်း၍ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာအနီးတွင် ကျော်ဇင်ထွေးထံမှ ကလေးသို့ ပို့ဆောင်ရန် သိုဝှက်သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၁၈ ဒသမ ၅ သိန်းအား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် သိမ်းဆည်းရမိစိတ်ကြွဆေးပြားများ သယ်ဆောင် ခိုင်းသူ အောင်အောင်(ခ)ဘကြီးအောင်အား ကလေးမြို့ အောင်မြေမာန် ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

 

သတင်းကွင်းဆက်အရ နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီခွဲတွင် အထက်ပါပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ် ရှားတောလေးရွာအနီး၌ လှိုင်နေထွန်းနှင့် ထွန်းမင်းလတ်တို့နှစ်ဦးအား Canter ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးချက်အရ ယင်းနေ့တွင် သိမ်းဆည်းရမိဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် မဦးမြာနှင့် ဝဏ္ဏထွန်းတို့နှစ်ဦးကို အောင်မြေသာစံမြို့နယ်၌လည်းကောင်း၊ မစန်းစန်းအေးနှင့် စောလှထူး တို့အား ပြည်ကြီးတံခွန်မြို့နယ်၌လည်းကောင်း၊ သိမ်းဆည်းရမိဘိန်းဖြူများ ပို့ဆောင်ခိုင်းသူ သားချိုဝင်း(ခ)ကိုသားကြီး(ခ)ကိုသားအား ဇေယျာသီရိ မြို့နယ်၌ Toyota Kluger ယာဉ်တစ်စီးနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ သဖြင့် ဖမ်းဆီးမှုဖြစ်စဉ်တွင် ငွေကျပ် ၅ ဒသမ ၃၂၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၉ ဒသမ ၅ သိန်းနှင့် ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလို တို့အား သိမ်းဆည်းရမိခဲ့သည်။

 

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိစိတ်ကြွဆေးပြားများအား သယ်ဆောင်ခိုင်းသူမှာ တမူးမြို့နေလားရီအဲ(ခ)သားကြီး(ခ)အဲငါ (ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး မန္တလေးမှကလေးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိဘိန်းဖြူများအား ရောင်းချရန်ပို့ဆောင် ခိုင်းသူမှာ ဖယ်ခုံမြို့နယ်နေ တင်ဝင်း(ခ)ကံဦး(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ၎င်း၏စီမံမှုဖြင့် ဖယ်ခုံမြို့နယ်နေ မိုးကျော်(ခ) မိုးအောင်က ပင်လောင်းမှ မန္တလေးသို့ သယ်ဆောင်ရောင်းချခြင်းဖြစ်ပြီး မန္တလေးမှတစ်ဆင့် ကလေးသို့ ဆက်လက်သယ်ဆောင်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ သတင်းရယူဖော်ထုတ်ဖမ်းဆီးမှုအပေါ် ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News