Positive Angle News

တံတားဦးမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူတစ်ဦး သေဆုံး

(မှုခင်း) နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၌ အများပြည်သူသွားလာရာ လမ်းမဘေးတွင် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၄ ရက် ည ၈ နာရီခွဲခန့်တွင် တံတားဦးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မြောက်ဘက် မီတာ ၃၀ ခန့်အကွာရှိ ကားလမ်းမဘေး၌ မသင်္ကာဖွယ် ကျောပိုးအိတ်တစ်လုံး တွေ့ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ရှင်းလင်းစဉ် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် တံတားဦးမြို့နေ ဦးသက်ဆွေငြိမ်း (၄၅ နှစ်)၊ ဦးအေးမောင် (၃၅ နှစ်)၊ ဦးသိန်းဆွေ (၅၇ နှစ်)၊ ဦးအောင်ကိုမြတ် (၄၈ နှစ်)၊ ဦးစောသန်း (၇၁ နှစ်) တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသဖြင့် တံတားဦးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့ရာ ဦးသိန်းဆွေ (၅၇ နှစ်) မှာ ဆေးကုသမှုခံယူစဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်တွင် မိုင်းရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး တာဝန်သိပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မူရင်းသတင်း — Positive Angle News