Positive Angle News

တောင်ကြီးတွင် တွဲကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှုဖြစ်၊ လူငယ်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ရေတွင်းမှတ်တိုင်လမ်းဆုံတွင် နိုဝင်ဘာ ၂၅ ရက် ည ၁၀ နာရီကျော်က တွဲကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်ပေါ်ပါ လူငယ်တစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဖြူရောင် DONFENG တွဲယာဉ်သည် အနောက်မြို့ပတ်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဉ် ရေတွင်းမှတ်တိုင်လမ်းဆုံအရောက်တွင် တစ်ဖက်မှ လူငယ်နှစ်ဦး လိုက်ပါစီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ လူငယ်အမျိုးသားမှာ ဦးခေါင်းကွဲကာ ဦးနှောက်ထွက်သည့် ပြင်းထန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။ နောက်မှ လိုက်ပါစီးနင်းသူ လူငယ်အမျိုးသားတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီး မိနစ် ၂၀ ခန့်အကြာတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး မော်တော်ယာဉ်ဖြင့် ရောက်ရှိလာကာ အခင်းဖြစ်နေရာကို မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သော်လည်း နာရီဝက်ကျော်ကြာသည်အထိ အရေးပေါ်လူနာတင်ယာဉ် ရောက်ရှိလာခြင်းမရှိကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုထားသည်။

“ဘယ်သူမှားတယ်၊ မှန်တယ်တော့ မသိသေးဘူးပေါ့။ အဲဒါက နောက်မှရှင်းလို့ရတယ်။ လောလောဆယ် မသေသေးတဲ့ ကလေးကို ဆေးရုံပို့ဖို့ရာ လူနာတင်ကားတစ်စီးမှ ရောက်မလာဘူး။ ယာဉ်ထိန်းကလည်း သူလုပ်ပေးလို့ မရဘူးပြောတယ်” ဟု ဖြစ်စဉ်အား မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်ယာဉ်က အမှားကျူးလွန်ခဲ့သည်ဆိုသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဒဏ်ရာရရှိသူအား အရေးပေါ်ဆေးကုသမှု ပေးနိုင်ရေး လူနာတင်ယာဉ် ရောက်ရှိမှုနှောင့်နှေးခဲ့သည့်အပေါ် မျက်မြင်တွေ့ရှိသူက စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုထားသည်။

မူရင်းသတင်း — Positive Angle News