Myanmar Digital News

ပြည်သူများသတင်းပေးတိုင်ကြားမှု ထိရောက်စွာဖော်ထုတ်အရေးယူ

နိုင်ငံတော်ကာကွယ်ရေးစွမ်းပကား မြင့်မားစေရန် လိုအပ်မှုရှိနေခြင်းနှင့် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းပြီး ဥပဒေအရ အကျုံးဝင်သူ အမျိုးသားများအား ပြည်သူ့စစ်မှုထမ်းအဖြစ် ဆင့်ခေါ်လျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့များက ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်ချက်များအတိုင်း စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

 

သို့သော် အချို့သောပြည်သူ့စစ်မှုထမ်းဆောင်ရန် အလှည့်ကျသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အမျိုးသားရေးတာဝန်ကို ရှောင်လွှဲလိုသဖြင့် အခြားရပ်ရွာများသို့ ရှောင်တိမ်းခြင်း၊ ပြည်ပသို့ ထွက်ခွာခြင်း၊ အခကြေးငွေဖြင့် လူစားထိုးခြင်းများ ပြုလုပ်နေကြောင်းသိရသည်။ ထိုသို့ အကြောင်းအမျိုးမျိုးပြ တိမ်းရှောင်သူများကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက စောင့်ကြည့်ဆင့်ခေါ်နေခြင်း ပြုလုပ်မှုအပေါ် အချို့မြို့ရွာများတွင် မသမာသူများကပါ တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ပြီး အဓမ္မဖမ်းဆီး ငွေကြေးရယူခြင်း၊ ပြည်သူ့စစ်မှုထမ်းစာရင်းသွင်း ဝင်ရောက်စေခြင်း၊ ပြည်သူ့စစ်မှုထမ်းခြင်းကို အကြောင်းပြု၍ လူပြန်ပေးဆွဲခြင်းကဲ့သို့ ရာဇဝတ်မှုများ ကျူးလွန်သည့်သတင်းများကို ကြားသိနေရသည်။

 

အချို့ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ၎င်းတို့၏ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သွားရောက်မည့်သူများအတွက် ထောက်ပံ့ပေးရန်အကြောင်းပြ၍ လစဉ်ထောက်ပံ့ကြေးကောက်ခံခြင်း၊ ပြည်သူ့စစ်မှုထမ်း မထမ်းဆောင်လိုသူများထံမှ တစ်လုံးတစ်ခဲတည်းငွေ သို့မဟုတ် လစဉ်ပေးသွင်းငွေများ တောင်းခံခြင်း၊ ရှောင်တိမ်းသူများအစား အခကြေးငွေပေး၍ လူစားထိုးထမ်းဆောင်စေခြင်းများပြုလုပ်ရန် တရားမဝင်ငွေကြေးကောက်ခံခြင်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးနှင့်တာဝန်ရှိသူများ၏ မမှန်မကန်ပြုလုပ်မှုအပေါ် အမည်ခံအဖွဲ့အစည်းအချို့က ထပ်မံခြိမ်းခြောက်အမြတ်ထုတ်ခြင်း စသည့်မသမာသော လုပ်ရပ်အမျိုးမျိုးတို့ကို ပြုလုပ်နေကြောင်းသတင်းများ မကြာခဏကြားသိနေရသည်။

 

လက်ရှိဖြစ်ပေါ်နေသော အဓမ္မဖမ်းဆီးဆင့်ခေါ်ခြင်း၊ တရားမဝင်ငွေကြေးကောက်ခံခြင်းများသည် မသမာသူများက ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ဥပဒေမဲ့အကျိုးအမြတ်ရှာဖွေနေခြင်းဖြစ်သည်။ မသမာသူများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား ချိုးဖောက်ပြီး တရားမဝင်လုပ်ဆောင်နေမှုများဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က အထူးအလေးထား စိစစ်ဖော်ထုတ်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။ ပြည်သူ့စစ်မှုထမ်းခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်က ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီးဖြစ်၍ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက်အလက်များ၊ လိုက်နာရမည်များ၊ ခံစားခွင့်များကို နိုင်ငံပိုင်မီဒီယာများတွင် မကြာခဏအသိပေးဖော်ပြလျက်ရှိသည်။

 

သို့သော် ပြည်သူ့စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ တရားမဝင်ငွေကြေးကောက်ခံသူများနှင့် အဓမ္မဖမ်းဆီးဆင့်ခေါ်သူများအား ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ဖော်ထုတ်အရေးယူလျက်ရှိရာ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ငွေကြေးဆိုင်ရာ ၄၉ မှု၊ တရားခံ ၁၀၂ ဦးနှင့် အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၂၂ မှု၊ တရားခံ ၉၇ ဦး စုစုပေါင်း ၇၁ မှု၊ တရားခံ ၁၉၉ ဦးတို့ကို အရေးယူထားပြီးဖြစ်သည်။ ထို့အပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ တိုင်ကြားလာမှုကြောင့် အရေးယူခဲ့သည့် ငွေကြေးဆိုင်ရာ ၁၈၂ မှုတွင်အရေးယူပြီးစီးမှု ၉၁ မှု၊ စိစစ်ဆဲ ၅၆ မှု၊ မမှန်မကန်တိုင်ကြားမှု ၃၅ မှုနှင့် အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၄၃ မှုတွင် အရေးယူပြီးစီးမှု ၁၇ မှု၊ စိစစ်ဆဲ ၁၄ မှုနှင့် မမှန်မကန်တိုင်ကြားမှု ၁၂ မှုရှိခဲ့ကြောင်းသိရသည်။ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ထိထိရောက်ရောက် အရေးယူထားပြီးဖြစ်သကဲ့သို့ ဆက်လက်ဖော်ထုတ်အရေးယူလျက်ရှိသည်။

 

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့ရှိခဲ့ရသည့် ပြည်သူ့စစ်မှုထမ်းခြင်းကို အကြောင်းပြ၍ ခရီးသွားပြည်သူများအား အတင်းအဓမ္မခြိမ်းခြောက်ဆင့်ခေါ်ခြင်း၊ ညအချိန်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ရပ်ကွက်ကျေးရွာများအတွင်း တရားမဝင်ငွေကြေး ကောက်ခံခြင်းများ လျော့နည်းပပျောက်စေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ဆက်လက်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် နေ့စဉ်ထုတ်နိုင်ငံပိုင်သတင်းစာများတွင် သိရှိမှတ်သားရမည့်အချက်များကို လေ့လာပြီး မမှန်မကန်အဓမ္မဆောင်ရွက်မှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖော်ပြထားသည့် သတင်းပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များသို့ သတင်းပေးတိုင်ကြားမည်ဆိုလျှင် ထိထိရောက်ရောက်အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News