Myanmar Digital News

စနေထောင့်မှာ အစပြုခဲ့သည်

သိင်္ဃသူ

‘‘နေရောင်အောက်တွင် လှပစွာ တဖျပ်ဖျပ်လင်းလက်တောက်ပနေသည့် အံ့ချီးဖွယ်အရာ (A beautiful winking wonder that blazed in the sun) " ဟု နိုဘယ်ဆုရ ဗြိတိသျှစာရေးဆရာကြီး ရုဒ်ယတ် ကစ်ပလင်က တင်စားရေးဖွဲ့ခဲ့သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးသည် သိင်္ဂုတ္တရ ကုန်းတော်ပေါ်၌ စံပယ်လျက် ရန်ကုန်မြို့၏ အထက်မိုးကောင်းကင်ယံနောက်ခံတွင် ခမ်းနားတင့်တယ်စွာ ဖူးမြင်နေရသည်။

လူသားတို့၏ စိတ်နှလုံးကို သိမ်မွေ့စွာ ဖမ်းစားနိုင်စွမ်းရှိပြီး ရာစုနှစ်များစွာ မပြောင်းမလဲ တွေ့မြင်နေကြရသည့် အံ့ချီးဖွယ်ရာ ထိုမြင်ကွင်းသည် မြန်မာနိုင်ငံနှင့် မြန်မာ့ရေမြေတို့၏ အထင်အရှား ပြယုဂ်လည်းဖြစ်သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံသမိုင်းတွင် အထင်အရှား မှတ်တမ်းဝင်သည့် ဖြစ်စဉ်ပေါင်းများစွာတို့နှင့်လည်း ဆက်နွှယ်နေသည်။ ရန်ကုန်မြို့ကြီး၏ သမိုင်းသည်ပင် ရွှေတိဂုံစေတီတော်ကြီး၏သမိုင်းနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေပြီး စေတီတော်၏ ပစ္စယံများ၊ ရင်ပြင် တော်၊ တန်ဆောင်းများနှင့် စောင်းတန်းများ၊ စေတီတော်တည်ရှိရာ ကုန်းတော်နှင့် ပရိဝုဏ်တို့ပါမကျန် နေရာများစွာတို့တွင် သမိုင်း၏ ဖြစ်ရပ်များစွာတို့ ဖြစ်ပွားခဲ့သည်။

ယင်းအနက် ရင်ပြင်တော်၏ အနောက်တောင်ဘက် စနေထောင့် ညောင်ပင်ကြီးအနီးတွင် စိုက်ထူထားသည့် ကျောက်စာတိုင်တစ်ခုက တစ်နိုင်ငံလုံး နယ်ချဲ့တို့၏ ကျွန်သဘောက်ဘဝတွင် ပထမဆုံးအကြိမ် တစ်မျိုးသားလုံးပါဝင်သည့် အမျိုးသားရေး လှုပ်ရှားမှုကြီး စတင်ပေါ်ပေါက်ခဲ့သည့် သမိုင်းတစ်စကို ပြောပြနေသည်။

၁၉၂၀ ပြည့်နှစ်တွင် ဗြိတိသျှအစိုးရက ပြဋ္ဌာန်းလိုက်သည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မကျေနပ်သဖြင့် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်မှ ကျောင်းသားခေါင်းဆောင် ၁၁ ဦးတို့က ၎င်းနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်ရှိ အဆိုပါနေရာတွင် စုဝေးကာ တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုခဲ့ခြင်းဖြစ်သည်။ တိုက်ဆိုင်လှစွာပင် ထိုနေ့သည် သီပေါမင်းပါတော်မူသည့် ၃၅ နှစ် မြောက်နေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်) လည်းဖြစ်သည်။ ထိုသစ္စာပြုပွဲမှ စတင်ခဲ့သော ပထမကျောင်းသားသပိတ်ကြီးသည် ၁၉၂၀ ပြည့် နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ်၊ တန်ဆောင် မုန်း လပြည့်ကျော် ၁၀ ရက်) တွင် ပေါ်ထွက်လာခြင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံတွင် အမျိုးသားနေ့ (အမျိုးသားအောင်ပွဲနေ့ ) ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။

ကျောက်စာတွင် ကမ္ပည်းတင်ထားသည့် ဦးဆောင်ကျောင်းသားကြီး ၁၁ ဦးတို့၏ အမည် များမှာ (၁) ဘခင်၊ (၂) ဘိုးကွန်း၊ (၃) ဘဦး၊ (၄) အောင်ဒင်၊ (၅) ထွန်းဝင်း၊ (၆) ဖေသိန်း၊ (၇) ဘရှင်(သံတွဲ)၊ (၈) ဘရှင်(ထားဝယ်)၊ (၉) ကေညီပိတ်၊ (၁ဝ) လှတင်၊ (၁၁) မောင်ဧ ဟူ၍ဖြစ်သည်။ ပထမ ကျောင်းသားသပိတ်ကြီး၏ အနှစ်သာရမှာ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခြင်း ဟုဆိုရမည်ထက် နယ်ချဲ့အစိုးရလက်အောက်တွင် မြန်မာတစ်မျိုးသားလုံး ပထမဆုံးအကြိမ်အဖြစ် စုစည်းမိခဲ့ကြခြင်းနှင့် နယ်ချဲ့ကို တစည်းတလုံးတည်း ဆန့်ကျင်ခဲ့ကြခြင်းက အဓိကဖြစ်သည်။

တတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲအပြီး မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်သို့ ကျရောက်သွားခဲ့ပြီးချိန်တွင် ခုခံတွန်းလှန်ရေးစစ်ပွဲများ ဒေသအနှံ့အပြားတို့၌ နောက်ထပ် ၁၅ နှစ်ခန့်ကြာအောင် ဆက်လက်ဖြစ်ပေါ်နေခဲ့ရာမှ ၁၉၀၀ ပြည့်နှစ်လွန် ကာလများတွင် ငြိမ်သက်သွားခဲ့သည်။ သို့ရာတွင် လုံးဝလက်မြှောက် အရှုံးပေး ဝပ်လျှိုးသွားခြင်းမျိုး မဟုတ်ဘဲ အမျိုး၊ ဘာသာ၊ သာသနာဟူသော ခေါင်းစဉ်ဖြင့် အမျိုးသားရေးစိတ်ဓာတ်က မြန်မာတို့၏ နှလုံးသားတွင် ကိန်းဝပ်နေခြင်းမျိုးဖြစ်သည်ကို ခရစ်နှစ် ၁၉၀၀ ပြည့်မှ ၁၉၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၂၀ ကာလ၏ သမိုင်းဖြစ်ရပ်များကို ပြန်လည်လေ့လာလျှင် တွေ့ရှိနိုင်သည်။

၁၉ ရာစု နှောင်းပိုင်းတွင် ဥရောပအရင်းရှင် စနစ်သည် အထွတ်အထိပ်သို့ ရောက်ရှိလာကာ ရောင်းကုန်များကို တင်ပို့၍ လွတ်လပ်စွာ ပြိုင်ဆိုင်ရောင်းဝယ်သော စနစ်ဟောင်းမှ အရင်းအနှီးကို နိုင်ငံရပ်ခြားသို့ တင်ပို့ရင်းနှီးမြှုပ်နှံပြီး အစွမ်းကုန် သွေးစုပ်ခြယ်လှယ်သည့် စနစ်သစ်ဆီသို့ ကူးပြောင်း လာသည်။ ၁၉ ရာစု အစောပိုင်းနှင့် အလယ်ပိုင်းတွင် ကျူးကျော်စစ် နှစ်ကြိမ် ဆင်နွှဲခံရပြီး တိုင်းပြည် တစ်ဝက် သိမ်းခံထားရသည့် အားနည်းချည့်နဲ့နေသော မြန်မာနိုင်ငံအထက်ပိုင်းသည် နယ်ချဲ့တို့ ပြုသမျှနုရမည့် အခြေအနေတွင် ရှိနေခဲ့ရာမှ တတိယမြောက် ကျူးကျော်စစ်ဆင်နွှဲခံရပြီး ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် နယ်ချဲ့ဗြိတိသျှတို့က မြန်မာတို့၏ နောက်ဆုံးဘုရင် သီပေါမင်းကို ထီးနန်းချကာ အိန္ဒိယပြည် ရတနာဂီရိသို့ ပို့ဆောင်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ပဒေသရာဇ်စနစ် ချုပ်ငြိမ်းသွားခဲ့သည်။ မြန်မာဘုရင်လက်ထက်က လွှတ်တော်သည် ဗြိတိသျှတို့၏ ကိုလိုနီအုပ်ချုပ် ရေးစနစ် ရောက်မလာသေးမီ ယာယီအားဖြင့် သုံးလခန့် ဆက်လက်တည်ရှိနေခဲ့ပြီးနောက် အပြီးတိုင် ဖျက်သိမ်းခံလိုက်ရသည်။

မြန်မာလွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းစကားများ အရပ်ရပ်သို့ ပျံ့နှံ့ ရောက်ရှိသွားသည့်အခါ မင်းဆွေမင်းမျိုး မှူးမတ် အဆက်အနွှယ်များ၊ မြန်မာဘုရင့်တပ်မတော်မှ အဝေးရောက်ကျန်ရှိနေသည့် အစိတ်အပိုင်းများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် မျိုးချစ်ပြည်သူ များသည် နယ်ချဲ့လာသူ ဗြိတိသျှတို့အား လက်နက်စွဲကိုင်ခုခံတိုက်ခိုက်ခဲ့ကြသည်။ ပထမပိုင်းတွင် ငါးနှစ်ကြာမျှ ရင်ဆိုင်တိုက်ပွဲများနှင့် ပြောက်ကျား တိုက်ပွဲများ ဆင်နွှဲခဲ့ကြပြီး နောက်ထပ် ၁ဝ နှစ်ခန့် ကြာအောင် ပြောက်ကျားစစ်များဖြင့် ရေရှည်စစ် တိုက်ခိုက်ခဲ့ကြရာ အင်္ဂလိပ်- မြန်မာ ပထမစစ် (၁၈၂၄)နှင့် ဒုတိယစစ် (၁၈၅၂)တို့ထက် စစ်ဖြစ်ကာလ ရှည်ကြာခဲ့သည်။ အမျိုးသားခုခံရေးစစ်ပွဲများ အရေးနိမ့်သွားခဲ့ရပြီးသည့်နောက်တွင် မြန်မာနိုင်ငံသည် မြေရှင်ပဒေသရာဇ်စနစ်ကြီးစိုးသော ဘုရင့်နိုင်ငံအဖြစ်မှ နိုင်ငံခြားနယ်ချဲ့အရင်းရှင်စနစ် လက်အောက်ခံ ကိုလိုနီနိုင်ငံဘဝသို့ လုံးလုံးကြီး ကျရောက်သွားခဲ့ရသည်။

စနစ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲရာတွင် အခြေခံအဆောက်အအုံဖြစ်သော စီးပွားရေး အပြောင်းအလဲနှင့်အတူ အပေါ်ထပ်အဆောက်အအုံများဖြစ်သည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ပညာရေး စသည်တို့ပါ လိုက်ပါပြောင်းလဲခဲ့ခြင်းဖြစ်ရာ ၁၉၀၀ ပြည့်နှစ်လွန်ကာလသို့ ရောက်သည့်အခါ စနစ် ဟောင်းမှာ လုံးဝပြိုကျပျက်စီးသွားခဲ့ရပြီဖြစ်သည်။ နှစ်ပေါင်းထောင်ချီကြာညောင်းခဲ့သည့် ပဒေသရာဇ် ခေတ်က ရှင်ဘုရင်မင်းရိုးများ၊ မှူးရိုးမတ်ရိုးများ၊ ကဲများ၊ မှူးများ၊ ကြီးများ၊ ဆော်များ၊ ခေါင်းများ၊ တိုင်၊ အကိုင်နှင့် အစီရင်များ စသည့် ပဒေသရာဇ် အုပ်ချုပ်ရေးယန္တရားကြီးတွင် ရိုးရာအလိုက် အုပ်ချုပ်ခဲ့ကြသည့် လူတန်းစားများသည် လူတန်းစားတစ်ရပ်အဖြစ်မှ ရပ်ဆိုင်းသွားခဲ့ပြီး ဗြိတိသျှ အရင်းရှင်နှင့် အရင်းရှင်လူတန်းစားတို့ ကိုယ်စားအုပ်ချုပ်သော ဗျူရိုကရက်များ၊ တိုင်းရင်းသား အလိုတော်ရိများ အုပ်ချုပ်သောလူတန်းစားတို့ ပေါ်ထွန်းလာခဲ့သည်။

ပညာရေးတွင်လည်း ရှေးရိုးစဉ်လာ ဘုန်းတော်ကြီးသင်ပညာရေးမှ ကိုလိုနီအုပ်ချုပ်ရေးယန္တရား အထောက်အကူပြုခေတ်ပညာရေးစနစ်သို့ ကူးပြောင်းသွားခဲ့ပြီး တိုင်းရင်းဘာသာသင်ကျောင်းများ၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းများ၊ အင်္ဂလိပ်ကျောင်းများဟူ၍ ပေါ်ပေါက်လာသည်။ မြန်မာဘုရင်လက်ထက် မြန်မာ့ပညာရေးစနစ်၏ မဏ္ဍိုင်ဖြစ်သော ဘုန်းတော်ကြီးကျောင်းပညာရေး သည် အစိုးရ၏ အထောက်အပံ့နည်းပါးလာခြင်းနှင့် အစိုးရအလုပ်အကိုင် မရရှိနိုင်ခြင်းတို့ကြောင့် အရေး ပါမှု လျော့နည်းလာသည်။ ဘုန်းတော်ကြီးသင် ကျောင်းပညာရေးစနစ် မှေးမှိန်သွားခြင်း၏ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ စာတတ်မြောက်မှုနှုန်းမှာလည်း များစွာလျော့ကျသွားခဲ့သည်။

မြန်မာတို့၏ အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရပြီးနောက် မြန်မာလူထုအတွင်း ကျန်ရစ်ခဲ့သည်မှာ အမျိုးသားရေးစိတ်ဓာတ်သာဖြစ်သည်။ ထိုစိတ်ဓာတ်သည် အခွင့်မသာသေးသည့်အခိုက်တွင် ငုပ်လျှိုး၍နေပြီး အရေးကြုံလျှင် ကြုံသလို ထွက်ပေါ်လာလေ့ရှိသည်။ သီဟိုဠ်မှ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) ကို နမူနာယူကာ ၁၉၀၆ ခုနှစ်တွင် မြန်မာလူငယ်များတည်ထောင်ခဲ့သည့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ပေါ်ထွန်းလာပြီး အမျိုးသားရေးစိတ်ဓာတ်နိုးကြားစေရန်နှင့် ဗုဒ္ဓဘာသာစာသင်ကျောင်းများ တည်ထောင်ရန် ဦးဆောင်ခဲ့သည်။ ဗြိတိသျှအစိုးရ ပညာမင်းကြီး မစ္စတာ မက်သယူးဟန်တား( Mr. Mathew Hunter) ဦးစီးသော အဖွဲ့ဝင် ၃၀ ပါသည့် ယူနီဗာစီတီ အက်ဥပဒေရေးဆွဲရေးကော်မတီကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့ရာ မြန်မာလူမျိုးအဖွဲ့ဝင်များ အဖြစ် ဝိုင်အမ်ဘီအေမှ ဝတ်လုံတော်ရ ဦးမေအောင်၊ ဦးမောင်ကြီး(အမ်အေ)၊ ဦးဘဖေ (ဘီအေ)၊ ဦးကွမ်း (ဘီအေ)၊ ပုသိမ်ဦးဘလှိုင် (ဘီအေ)နှင့် ဦးအမ်အုံး ခိုင်တို့ ပါရှိခဲ့သည်။

ဝိုင်အမ်ဘီအေ ကိုယ်စားလှယ်များက ဝိဇ္ဇာသိပ္ပံ ပညာရပ်များသင်ကြားသည့် ကောလိပ်များကို ဆက်သွယ်နိုင်မည့် တက္ကသိုလ်တစ်ခု ထူထောင်ရန်ထောက်ခံခဲ့ကြသည်။ သို့ရာတွင် မစ္စတာ မက်သယူး ဟန်တားဦးဆောင်သော ကော်မတီဝင်အများစုက ကောလိပ်တစ်ခုသာ ပါဝင်သည့် သိပ္ပံယူနီဗာစီတီကို ထူထောင်ရန် ဥပဒေရေးဆွဲခဲ့သည်။ ၁၉၂၀ပြည့်နှစ် ဇွန်လတွင် ဥပဒေမူကြမ်း ထွက်ပေါ်လာသည့်အခါ မြန်မာပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကန့်ကွက် ခဲ့ကြသော်လည်း မြန်မာပြည်ဥပဒေပြုကောင်စီ၏ သဘောတူညီချက်အရ အိန္ဒိယဘုရင်ခံချုပ်က အောက်တိုဘာလ ၂၄ ရက်နေ့တွင်  ဥပဒေကို အတည် ပြုခဲ့သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်တစ်ခု ထူထောင်ခြင်းမှာ မြန်မာတို့ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့သည့် လိုလားချက် အကောင်အထည် ပေါ်လာခြင်းဖြစ်သော်လည်း တက္ကသိုလ်အက်ဥပဒေပါ ပြဋ္ဌာန်းချက်အချို့က မြန်မာအများစုကို တက္ကသိုလ်ပညာနှင့် အလှမ်းဝေးနေစေသည်ဖြစ်ရာ ပြင်ဆင်ပေးရန် တောင်းဆိုချက်များ ပေါ်ပေါက် လာသည်။

အက်ဥပဒေပါ မြန်မာနိုင်ငံ၌ တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။ တက္ကသိုလ်လက်အောက်တွင် ကောလိပ်ကျောင်းတစ်ကျောင်းတည်းသာ ရှိရမည်။ ထိုကောလိပ်သည် ရန်ကုန်တွင်ရှိရမည်။ ကောလိပ် ကျောင်းသားများသည် ကျောင်းအိပ်ကျောင်းစားများအဖြစ် နေရမည်။ တက္ကသိုလ်ဝင်စာမေးပွဲကို မထားဘဲ အစိုးရကပြုလုပ်သော ဆယ်တန်းစာမေး ပွဲကို အောင်မြင်ရမည်။ ဆယ်တန်းစာမေးပွဲတွင် အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာတစ်ခုတွင် ထူးချွန်စွာအောင်မြင်မှသာ တက္ကသိုလ်ဝင်ခွင့်ရမည်။ တက္ကသိုလ်ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာ ရပ်များကို မသင်ရသေးဘဲ ပညာရပ်များကို ကောင်းစွာလိုက်နိုင်ရန် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေရမည်။ ပြင်ဆင်မှုအတန်းတွင် တစ်နှစ် နေပြီး၍ တက္ကသိုလ်ပညာကို လိုက်နိုင်ရန် အရည် အချင်းမမီသေးလျှင် တက္ကသိုလ်ပညာကို ဆက်လက် သင်ယူခွင့်မရ။ ရေးဖြေစာမေးပွဲအပြင် နှုတ်ဖြေ စာမေးပွဲများလည်း ပြုလုပ်မည်။ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့ စာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်သူများသာ မဟာဝိဇ္ဇာ၊ မဟာသိပ္ပံစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ရှိသည်။

ဂုဏ်ထူးတန်းစာမေးပွဲကို ဥပစာတန်း အောင်မြင်ပြီး သုံးနှစ်ကြာမှ ဝင်ရမည်။ ဂုဏ်ထူးတန်းကို တစ်ကြိမ်ဝင်ရောက်ဖြေဆို၍ မအောင်မြင်လျှင် နောက်ထပ် ဖြေဆိုခွင့်မရှိ စသည့် ကန့်သတ်ချက် များက မြန်မာတိုင်းရင်းသားအများစုတို့ တက္ကသိုလ်ပညာ သင်ယူခွင့်မရရှိရန် ချုပ်ချယ်ထားမှုများ ဖြစ်သည်ဟုရှုမြင်ခဲ့ကြကာ ဥပဒေကို ကန့်ကွက်ခဲ့ကြသည်။ သို့ရာတွင် အစိုးရက ယင်းဥပဒေကို အတည်ပြုခဲ့သဖြင့် မြို့ကြီးများတွင် ဆန္ဒပြမှုများ ထွက်ပေါ်လာသည်။

ဆာရယ်ဂျီနယ်ကရက်ဒေါက်က ရန်ကုန်ယူနီ ဗာစီတီကို ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ တွင် ဖွင့်လှစ်မည်ဟု ကြေညာခဲ့ရာ ကောလိပ်ကျောင်းသားများက ကန့်ကွက်စည်းဝေးပွဲပြုလုပ်၍ ကိုဘဦး အား ခေါင်းဆောင်အဖြစ် တင်မြှောက်ပြီး ဥပဒေကိုမပြင်ဘဲ ဆက်လက်လုပ်ဆောင်ပါက ကျောင်းသားနှင့် ပြည်သူများ ပူးပေါင်းလှုပ်ရှားမည်ဖြစ်ကြောင်း တောင်းဆိုခဲ့သဖြင့် တက္ကသိုလ်ဖွင့်မည့် ရက်ကို ဒီဇင်ဘာလ ၇ ရက်နေ့သို့ ရွှေ့သွားသည်။

ရန်ကုန်ကောလိပ်ကျောင်းသား ၁၁ ဦးတို့သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရွှေတိဂုံ စေတီတော် အနောက်တောင်ဘက် စနေထောင့်ရှိ ကွပ်ပျစ်ကြီးနှစ်ခုပေါ်တွင် စည်းဝေးကြကာ နယ်ချဲ့ အစိုးရကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန် ကောလိပ်နှင့် ယုဒဿန်ကောလိပ်မှ ကျောင်းသား ၄၀၀ ကျော်သည် ဗဟန်း၊ ရေတာရှည်လမ်းရှိ ဦးအရိယကျောင်းတိုက်၌ ထပ်မံစုဝေးကာ တက္ကသိုလ် အက်ဥပဒေဖျက်သိမ်းရေး သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ တက္ကသိုလ်အာဏာပိုင်များက တောင်းဆိုချက်များကို လိုက်လျောခြင်းမရှိသဖြင့် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) တွင် တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ပြီး မျိုးချစ်ဝံသာနုပုဂ္ဂိုလ်များ၏ ကူညီပံ့ပိုးမှုများဖြင့် အမြို့မြို့အနယ်နယ်တွင် အမျိုးသားကျောင်းများ ပေါ်ထွန်းလာခဲ့သည်။

ပထမကျောင်းသားသပိတ်သည် အင်္ဂလိပ် နယ်ချဲ့လက်အောက်တွင် ပထမဆုံးအကြိမ်အဖြစ် တစ်မျိုးသားလုံးစုစည်းမိခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ငုပ်လျှိုးနေခဲ့သည့် အမျိုးသားရေး စိတ်ဓာတ် ပြန်လည်ပေါ်ထွန်းလာမှုဖြင့် နယ်ချဲ့အာဏာပိုင်တို့ကို ပထမဆုံးအကြိမ် ဘက်ပြိုင် အန်တုခဲ့ကြခြင်းဖြစ်သည်။ နယ်ချဲ့ကို ဆန့်ကျင်ခဲ့ကြသည့် အမျိုးသားရေးစိတ်ဓာတ်မှာ ကျဉ်းမြောင်း သည့် လူမျိုးစွဲစိတ်ဓာတ်နှင့် များစွာခြားနားပြီး ငါတို့အားလုံး မြန်မာဟူသည့် တစည်းတလုံးတည်း ညီညွတ်မှုကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သကဲ့သို့ ထိုအမျိုးသားရေးစိတ်ဓာတ်ကို နိုင်ငံနှင့်လူမျိုး လွတ်လပ်ရေးရသည်အထိ လက်ဆင့်ကမ်း သယ်ပိုးခဲ့ကြခြင်းဖြစ်သည်။

ရွှေတိဂုံဘုရား စနေထောင့်နှင့် ဘုရားကြီး၏ ခြေတော်ရင်း ဗဟန်းဦးအရိယကျောင်းဝင်းအတွင်း ရှိ ကျောက်စာတိုင်များက အမျိုးသားရေးစိတ်ဓာတ်၏ သမိုင်းမှတ်တိုင်များကို အထင်အရှားပြသနေသည်။ အမျိုးသားရေးစိတ်ဓာတ်သည် တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေပြီး ထိုစိတ်ဓာတ်ဖြင့် နိုင်ငံနှင့် လူမျိုးအတွက်  လွတ်လပ်ရေးကိုရယူခဲ့ကြသလို ထိုစိတ်ဓာတ်ဖြင့်ပင် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ပြီး ထိုစိတ်ဓာတ်ဖြင့်ပင် နိုင်ငံနှင့်လူမျိုးတို့ တိုးတက်ကြီးပွားရန် ကြိုးပမ်းအားထုတ် တည်ဆောက်သွားကြရမည်ဟု သန္နိဋ္ဌာန်ပြုကြရန် ကျောက်စာတိုင်လေးများက နှိုးဆော်တိုက်တွန်း သွန်သင်နေကြသည့်သဖွယ်ပင် ဖြစ်ပါသတည်း။ ။

မူရင်းသတင်း — Myanmar Digital News