Myanmar Digital News

ပါကစ္စတန်နိုင်ငံ၌ ၂၀၂၆ ခုနှစ်အတွင်း ပိုလီယိုရောဂါ ကူးစက်မှု ၁၀ ဦးမြောက် တွေ့ရှိ

နိုဝင်ဘာ ၂၆

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ခိုင်ဘာပက်ထွန်းခွာ ပြည်နယ် ကာရက်ခရိုင်မှ အသက် ၁၄ လအရွယ် ကလေးငယ်တစ်ဦးတွင် ပိုလီယိုရောဂါ ကူးစက်မှုကို တွေ့ရှိခဲ့ကြောင်း အမျိုးသားအရေးပေါ်လုပ်ငန်းဆောင်ရွက်ရေးဗဟိုဌာန (NEOC) က ယမန်နေ့က ပြောကြားခဲ့သည်။

ယင်းတွေ့ရှိမှုကြောင့် ၂၀၂၆ ခုနှစ်အတွင်း ပိုလီယိုရောဂါ ကူးစက်မှုစုစုပေါင်း ၁၀ ဦးအထိ ရှိလာသည်ဟု သိရသည်။

ကလေးတွင်တွေ့ရှိရသော ဗိုင်းရပ်စ်သည် တောင်ပိုင်း ခိုင်ဘာပက်တွန်ခွာတွင် ပျံ့နှံ့နေသောမျိုးရိုးဗီဇနှင့် မျိုးရိုးဗီဇဆက်စပ်နေကြောင်း ဗဟိုဌာနက ပြောကြားခဲ့ပြီး ယခုနှစ်အတွင်းဖြစ်ရပ် ၁၀ ခုတွင် ရှစ်ခုသည် ထိုပြည်နယ်မှဖြစ်ပြီး တောင်ပိုင်း ဆင်းဒ်ပြည်နယ်မှ နှစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၆ ခုနှစ်၏ တတိယမြောက်နှင့် နောက်ဆုံးအကြိမ် နိုင်ငံတစ်ဝန်း ပိုလီယိုကာကွယ်ဆေး ထိုးနှံရေးလှုပ်ရှားမှုကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ စတင်မည်ဖြစ်ပြီး ခရိုင် ၁၆၇ ခုရှိ အသက်ငါးနှစ်အောက် ကလေး ၄၅ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဟု သိရသည်။

အမျိုးသားအရေးပေါ်လုပ်ငန်းဆောင်ရွက်ရေးဗဟိုဌာနက အသက် ငါးနှစ်အောက် ကလေးငယ်များ အားလုံးကို ပိုလီယိုကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုတစ်ကြိမ်စီတွင် ကာကွယ်ဆေးနှစ်စက်စီ မပျက်မကွက်တိုက်ကျွေးရန်နှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများကိုလည်း သတ်မှတ်ထားသည့် အချိန်အတိုင်း ပြည့်စုံစွာ ထိုးနှံပေးရန် မိဘများကို တိုက်တွန်းခဲ့ပြီး ပိုလီယိုရောဂါအတွက် ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးဝါးမရှိသော်လည်း ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News