Myanmar Transparency News

ဘန်ကောက်တွင် ယနေ့ဖြစ်ပွားနေသည့် ရေနံချက်စက်ရုံ မီးလောင်မှု ထိန်းချုပ်နိုင်ပြီဟု သိရ

Bangchak ရေနံချက်စက်ရုံ ပေါက်ကွဲမှုကြောင့် ၇ ဦး ဒဏ်ရာရရှိကာ ၄ ဦး စိုးရိမ်ရ

သက်တံ့

၂၆. ၁၁. ၂၀၂၆

ယနေ့ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ဘန်ကောက်မြို့အရှေ့ပိုင်း၊ ဖရာခနောင်ခရိုင်ရှိ Bangchak ရေနံချက်စက်ရုံတွင် ပေါက်ကွဲမှုနှင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် Bangchak Corp ကုမ္ပဏီသည် စက်ရုံရှိ ထုတ်လုပ်ရေးယူနစ်အားလုံးကို ပိတ်သိမ်းလိုက်သည်။

အဆိုပါဖြစ်စဉ်အတွင်း လူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၄ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း Erawan အရေးပေါ်ဆေးဘက်ဆိုင်ရာစင်တာက ထုတ်ပြန်ခဲ့သည်။

ဆူခွန်ဗစ် ဆွိုင်း ၆၂ ရှိ စက်ရုံဝင်းအတွင်း မီးလောင်မှုကြောင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ ချက်ချင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန်လည်း အာဏာပိုင်များက တိုက်တွန်းခဲ့သည်။

မီးလောင်မှုဖြစ်ပွားကြောင်းကို မွန်းလွဲ ၂ နာရီ ၅၁ မိနစ်တွင် သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ဖရာခနောင် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။

ပေါက်ကွဲမှုကြောင့် မီးခိုးမည်းလုံးကြီးများ ကောင်းကင်ယံသို့ အလိပ်လိုက် ထိုးတက်နေသည်ကို မြင်တွေ့ခဲ့ရပြီး မီးတောက်များမှာလည်း အဆက်မပြတ် ထတောက်လောင်နေကာ အဝေးကြီးမှပင် မြင်တွေ့နိုင်ခဲ့သည်။

လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုဖိုင်များတွင်လည်း အနီးနားရှိ စာသင်ကျောင်းများမှ ကျောင်းသားများကို အလျင်အမြန် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသည်ကို တွေ့ရသည်။ အနီးရှိ အဆောက်အအုံတစ်ခုမှ ရုံးဝန်ထမ်းများကလည်း ကနဦးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အဆောက်အအုံ တုန်ခါသွားသည်ကို ခံစားခဲ့ရကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့ကြသည်။

ဘန်နာခရိုင်ရုံး (Bang Na district office) က Bangchak ရေနံသိုလှောင်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် ချက်ချင်းထွက်ခွာကြရန် တိုက်တွန်းခဲ့သည်။

မွန်းလွဲ ၃ နာရီ ၃၇ မိနစ်တွင် ထုတ်ပြန်ခဲ့သည့် SMS သတိပေးစာ၌ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Bangchak က ပြောကြားခဲ့သည်ဟု ကိုးကားဖော်ပြထားသော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် အနီးပတ်ဝန်းကျင်ရှိ လူအားလုံး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် တိုက်တွန်းထားသည်။

ထို့ပြင် အရေးပေါ်ယာဉ်များနှင့် မီးသတ်ကားများ အတားအဆီးမရှိ သွားလာနိုင်စေရန်အတွက် ရထားလမ်းဟောင်းဘေးရှိ လမ်းကို ရှောင်ရှားမောင်းနှင်ကြရန်လည်း ယာဉ်မောင်းများကို အကြံပြုထားသည်။

ပေါက်ကွဲမှုနှင့် မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းအပေါ် ကနဦးစုံစမ်းမှုများအရမူ မီးလောင်မှုသည် လောင်စာဆီသိုလှောင်ကန်မှ စတင်ခဲ့ခြင်းမဟုတ်ဘဲ ရေနံပေါင်းခံမျှော်စင် (Distillation column) တွင် တွဲဆက်ထားသည့် အရန်စက်ပစ္စည်းတစ်ခုမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသလို စွမ်းအင်ဝန်ကြီး၏ အတွင်းဝန် သီတီဖတ် ချိုတီဒီချာချိုင်နန် (Thitiphat Chotidechachainan) က ရေနံချက်လုပ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းအစိတ်အပိုင်းတစ်ခုအတွင်းမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: Bangkok Post

မူရင်းသတင်း — Myanmar Transparency News