NP News

DPLA၊ KNDF၊ PNLO၊ DSNDA နှင့် PDF အဖွဲ့များမှ အဖွဲ့ဝင် (၁၉) ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၁

DPLA၊ KNDF၊ PNLO၊ DSNDA နှင့် PDF အဖွဲ့များမှ အဖွဲ့ဝင် (၁၉) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြန်လည်ဝင်ရောက်လာသူများတွင် DPLA အဖွဲ့မှ အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၁) ဦး၊ KNDF အဖွဲ့မှ အမျိုးသား (၄) ဦး၊ PNLO အဖွဲ့မှ အမျိုးသား (၁) ဦး၊ DSNDA အဖွဲ့မှ အမျိုးသား (၁) ဦးနှင့် PDF အဖွဲ့မှ အမျိုးသား (၅) ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ယမန်နေ့ (နိုဝင်ဘာ ၂၀ ရက်) က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်လည်ဝင်ရောက်လာသူများက ပစ္စတိုသေနတ် (၂) လက်၊ M-22 သေနတ် (၁) လက်၊ လက်ပစ်ဗုံး (၂) လုံး၊ လက်လုပ်မိုင်း (၈) လုံး၊ ကျည်အိမ် (၂) ခုနှင့် ကျည်မျိုးစုံ (၂၁) တောင့်တို့ကို တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံခဲ့ကြပြီး လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေနှင့် ပြန်လည်ဝင်ရောက်လာသူ (၁၉) ဦးအတွက် ဆုကြေးငွေ စုစုပေါင်း ငွေကျပ် (၁၃၉) သိန်းနှင့် လက်ဆောင်ပစ္စည်းများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်လည်ဝင်ရောက်လာသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ထို့ပြင် အဖွဲ့အတွင်း ခွဲခြားဆက်ဆံမှုများ၊ အနိုင်ကျင့်နှိပ်စက်မှုများ၊ နေထိုင်စားသောက်ရေး အခက်အခဲများနှင့် လုံခြုံမှုမရှိခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ခဲ့ခြင်းဖြစ်ပြီး မိသားစုနှင့်အတူ အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရန် အခြားလူငယ်များကိုလည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကြရန် ဖိတ်ခေါ်ခဲ့ကြောင်း ပြန်လည်ဝင်ရောက်လာသူများ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့တွင်လည်း ဆားတောင်မိုးကြိုးအဖွဲ့မှ PDF အဖွဲ့ဝင် (၂၃) ဦး အလင်းဝင်ရောက်လာပြီး ဆားတောင်ပြည်သူ့စစ်(ဌာနေ) အဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းကာ တပ်မတော်နှင့် ပူးပေါင်း၍ ရပ်ရွာနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News