Myanmar Transparency News

မြဝတီမြို့၌ ဆိုင်ကယ်တက္ကစီမောင်းသူအား သတ်ဖြတ်ခဲ့သူ နှစ်ဦးကို တစ်လကျော်အကြာ ဖမ်းဆီးရမိ

၂၆.၁၁.၂၀၂၆
Written by KL

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၄) ရပ်ကွက်တွင် ဆိုင်ကယ်ကယ်တက္ကစီမောင်းသူအားသတ်ဖြတ်ကာ ဆိုင်ကယ်လုယူထွက်ပြေးခဲ့သူနှစ်ဦးကို တစ်လကျော်အကြာ နိုဝင်ဘာလ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်၊ ညနေ ၆ နာရီခွဲခန့်က အမှတ် (၄) ရပ်ကွက် ၊ချစ်တီးထမင်းဆိုင်အနီး ဆိုင်ကယ်တက္ကစီဂိတ်မှ ဆိုင်ကယ်တက္ကစီမောင်းသူ အသက် ၂၀ ကျော်အရွယ် မောင်ပြည့်ဖြိုးလင်းကို အမျိုးသားနှစ်ဦးက ငှားရမ်းခဲ့​ပြီး ဇရစ်ချောင်းအမှိုက်ပုံအနောက်ဘက် ဘုရားငါးဆူမုခ်ဦးအနီးတွင် တုတ်ဖြင့် ရိုက်သတ်ကာ ဆိုင်ကယ်လုယူထွက်‌ပြေးခဲ့ခြင်းဖြစ်သည်။

လူသတ်၍ ဆိုင်ကယ်လုယူခဲ့သူနှစ်ဦးမှာ အသက် ၁၉နှစ်အရွယ် ထက်ပိုင်စိုး (ခ) မြင့်ကျော်နှင့် အောင်မြင့်မြတ် (ခ) ဖိုးတီးတို့ဖြစ်ပြီး လုယူလာသော ဆိုင်ကယ်ကို သင်္ဃန်းညီနောင်မြို့သစ်၌ ပေါင်နှံခဲ့ကြောင်း သိရသည်။

လူသတ်ကာဆိုင်ကယ်လုယူခဲ့မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေခဲ့ရာ လုယူခဲ့သောဆိုင်ကယ်ကို သင်္ကန်းညီနောင်မြို့သစ်၌ တွေ့ရှိခဲ့ရာမှ ဆိုင်ကယ်အပေါင်ခံသူ၊ ဆိုင်ကယ်ဝယ်စီးသူ၊ ကျုးလွန်သူနှင့် ဆက်စပ်သူများကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးရာမှ လူသတ်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

Oplus_131072

လူသတ်ကာ ဆိုင်ကယ်လုယူခဲ့သူနှစ်ဦးဖြစ်သည့်ထက်ပိုင်စိုး (ခ) မြင့်ကျော်နှင့် အောင်မြင့်မြတ် (ခ) ဖိုးတီးတို့ကို မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်ကာ ကျူးလွန်သည့်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ကိုဘီဝမ်း

မူရင်းသတင်း — Myanmar Transparency News