NP News

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့်ပတ်သက်၍ အယောင်ဆောင် ငွေကြေးလိမ်လည် တောင်းခံသူများကို ဆက်လက်ဖော်ထုတ်အရေးယူမည်

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၇

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် လူမှုကွန်ရက်များ၌ တပ်မတော်အရာရှိ အယောင်ဆောင် ငွေကြေးလိမ်လည် တောင်းခံသူများကို ဖော်ထုတ်အရေးယူထားပြီး ဆက်လက်ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယမန်နေ့(နိုဝင်ဘာ ၂၆ ရက်) မွန်းလွဲပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၆)တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ပတ်သက်၍ “စည်းကမ်းတကျ ဆင့်ခေါ်မှုကို အလေးထားရန်” လမ်းညွှန်ထားရှိမှုအပေါ် အဆင့်ဆင့်သော ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန် ဦးစွာမှာကြားလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးကြီးသည့်ကိစ္စရပ်ဖြစ်သည်နှင့်အညီ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ စီမံခန့်ခွဲပြီး ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
မိမိတိုင်းဒေသကြီး/ ပြည်နယ်အလိုက် နယ်မြေများအတွင်း အဓမ္မဆင့်ခေါ်မှုနှင့် ငွေကြေးတောင်းခံမှုများမရှိစေရေး စနစ်တကျ စီမံချက်ချ ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ပြစ်မှုကျူးလွန်သူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူ တချို့ကြောင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးလုပ်ငန်းစဉ်၏ပုံရိပ်ကို ထိခိုက်မှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့်လည်း ဗဟိုအဖွဲ့သို့ တင်ပြလာသည့် တိုင်ကြားစာများအား စနစ်တကျစိစစ်၍ အရေးယူစေလျက်ရှိသည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာနနှင့်လည်း ပေါင်းစပ်၍ ဥပဒေမဲ့ဆောင်ရွက်ချက်များကို ထိထိရောက်ရောက် အရေးယူလျက်ရှိကြောင်း ပြည်‌ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ယနေ့အထိ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၇) (၇/၂၀၂၆)ထိ သင်တန်းဆင်းခဲ့ပြီး လက်ရှိတွင်လည်း သင်တန်း(၃)ပတ်စဉ် ဖွင့်လှစ် တက်ရောက် လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့များအနေဖြင့် အင်အားအချက်အလက် အမှန်ရရှိရေး မိမိနယ်မြေအတွင်း အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင် အားဦးစီးဌာနနှင့် ပေါင်းစပ်၍ စာရင်းပြုစုမှတ်ပုံတင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထိုသို့ မှတ်ပုံတင်ထားသူများကို အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ် နိုင်ရေးစီမံထားရှိရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

လူမှုကွန်ရက်များပေါ်တွင် တပ်မတော်အရာရှိ အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်တောင်းခံနေသူများကို ဖော်ထုတ်အရေး ယူခဲ့ပြီး ဆက်လက်၍လည်း စိစစ်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်ရရှိသူများကိုလည်း တပ်/သင်တန်းကျောင်းများမှ ပြန်လည် စေလွှတ်ပေးသည့်အခါ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများသို့သာ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ လွှဲပြောင်း/ လက်ခံပြုလုပ်၍ စေလွှတ်ပေးလျက်ရှိပြီး တစ်ဦးတစ်ယောက်ချင်းစီသို့ လွှဲပြောင်း/ လက်ခံပြုလုပ်ပေးခြင်းမျိုးမရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News