Kanbawza Tai News

အီရတ်အစိုးရက ကာ့ဒ်ဒေသရဲ့ ရေနံနဲ့ နယ်စပ်ထိန်းချုပ်ရေး ကြိုးပမ်းမှုကို လူထောင်ချီ ဆန္ဒပြ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်

အီရတ်ဗဟိုအစိုးရက ကာ့ဒ်ဒေသရဲ့ ရေနံလုပ်ငန်းနဲ့ နယ်စပ်ဂိတ်တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုအပေါ် ကာဒ့်ဒေသ မြို့တော် အီရဘီမြို့မှာ လူထောင်ချီစုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ကာ့ဒ်ဒေသအာဏာပိုင်တွေ ထိန်းချုပ် ထားတဲ့ ရေနံလုပ်ငန်းနဲ့ နယ်စပ်ဖြတ်သန်းရေးဂိတ်တွေကို ဗဟိုအစိုးရက လွှဲပြောင်းထိန်းချုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

အီရတ်ဝန်ကြီးချုပ် အလီ အယ်လ်ဇိုင်ဒီက အဲဒီအစီအစဉ်တွေဟာ ရေနံမှောင်ခိုတင်ပို့မှုကို တားဆီးဖို့ ရည်ရွယ်တာ ဖြစ်ကြောင်း ပြောဆိုပြီး အင်္ဂါနေ့မှာ ကြေညာခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ဟာ ဗဟိုအစိုးရနဲ့ ကာ့ဒ်ဒေသအာဏာပိုင်တွေကြား နှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ အာဏာခွဲဝေမှု ဆိုင်ရာ အငြင်းပွားမှုကို ပိုမိုပြင်းထန်လာစေခဲ့သလို ဘဂ္ဂဒက်အစိုးရရဲ့ လုပ်ရပ်ကို ဆန့်ကျင်ဖို့ သဘောထားကွဲလွဲနေတဲ့ ကာ့ဒ်နိုင်ငံရေးပါတီတွေကိုလည်း စုစည်းစေခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်အရ ကာ့ဒ်ဒေသအတွင်းရှိ တရားဝင်နဲ့ တရားမဝင် နယ်စပ်ဖြတ်သန်းရေး ဂိတ်အားလုံးကို ဗဟိုအစိုးရက စီမံခန့်ခွဲတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကာ့ဒ်ဒေသကနေ ရေနံတင်ပို့ ခွင့်ပြုချက်ကိုလည်း ဗဟိုအစိုးရ ရေနံဝန်ကြီးဌာနလက်အောက်ကို လွှဲပြောင်းပေးရမှာဖြစ်ပြီး ဒိုင်ယာလာ၊ ကာ့ခ်ကွတ်၊ ဆာလာဟက်ဒင်နဲ့ နီနီဗေး ပြည်နယ်တွေရှိ ရေနံမြေတွေကိုလည်း ဗဟိုအစိုးရက တာဝန်ယူစီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။

အီရတ်ဝန်ကြီးချုပ် အလ်ဇိုင်ဒီဟာ ကာ့ခ်ကွတ်ပြည်နယ် စစ်ဆင်ရေးမှူး၊ ရဲတပ်ဖွဲ့အကြီးအကဲနဲ့ နယ်စပ်ဆိပ်ကမ်းများ ဆိုင်ရာ ကော်မရှင်အကြီးအကဲတို့ကိုလည်း ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ အခုလုပ်ဆောင်ချက်တွေဟာ အီရတ်နိုင်ငံ ရဲ့ “လွတ်လပ်တဲ့ အမျိုးသားရေးဆန္ဒ” ကို ထင်ဟပ်စေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အီရတ်ဖက်ဒရယ်တရားရုံးချုပ်ကလည်း ဗုဒ္ဓဟူးနေ့မှာ ဘဂ္ဂဒက်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး ကာ့ဒ်ဒေသအတွင်းရှိ နယ်စပ်တွေအပါအဝင် အီရတ်နိုင်ငံရဲ့ နိုင်ငံတကာနယ်စပ် အားလုံးကို လုံခြုံရေးအတွက် ဗဟိုအစိုးရတပ်ဖွဲ့တွေ ဖြန့်ကြက်ချထားနိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ယာဟ်ယာ ရာဆူးလ်ကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်တဲ့ ဝန်ကြီးချုပ် အလ်ဇိုင်ဒီဟာ ကာ့ခ်ကွတ်နဲ့ အခြားပြည်နယ်တွေကို စစ်တပ်တပ်ဖွဲ့တွေ စေလွှတ်ဖို့ အမိန့်ပေးထားကြောင်း ပြောပါတယ်။ ရေနံမှောင်ခိုသယ်ယူရာမှာ အသုံးပြု တဲ့ မြေလမ်းတွေကိုလည်း ပိတ်ဆို့ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

အီရတ်နိုင်ငံရှိ ကာ့ဒ်လူမျိုးတွေဟာ ၁၉၉၁ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နေထိုင်လာခဲ့ကြ တာဖြစ်ပြီး ၂၀၀၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ကာ့ဒ်ဒေသနဲ့ ဒေသဆိုင်ရာအစိုးရကို တရားဝင်အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့ ၂၀၀၃ ခုနှစ်နောက်ပိုင်းကစပြီး အီရဘီနဲ့ ဘဂ္ဂဒက်အစိုးရတို့ဟာ နယ်မြေ၊ ရေနံနဲ့ ဘဏ္ဍာငွေထိန်းချုပ်ရေးကိစ္စ တွေမှာ အငြင်းပွားမှုတွေ ဆက်လက်ရှိနေခဲ့တာပါ။

ကာ့ဒ်ဒေသအစိုးရအဖွဲ့ကတော့ ဝန်ကြီးချုပ်ရဲ့ အမိန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကာ့ဒ်ဒေသရဲ့ ဖွဲ့စည်းပုံဆိုင်ရာ အခွင့်အရေးတွေကို ချိုးဖောက်ရာရောက်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အီရတ်နိုင်ငံကို ဗဟို အစိုးရက အာဏာအားလုံးချုပ်ကိုင်တဲ့ စနစ်ဟောင်းဆီ ပြန်လည်ရောက် ရှိစေဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အငြင်းပွားနေတဲ့ နယ်မြေတွေနဲ့ပတ်သက်ပြီး အီရတ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၀ မှာ ဖြေရှင်းရေးအစီအစဉ် ထည့်သွင်းထားပါတယ်။ အဲဒီနယ်မြေတွေဟာ ဆီးရီးယားနယ်စပ်ကနေ အီရန်နယ်စပ်အထိ ရှည်လျားပြီး ကာ့ဒ်၊ အာရပ်၊ ယာဇီဒီ၊ အာဆီးရီးယန်းနဲ့ တာ့ခ်မင်လူမျိုးတွေ အတူနေထိုင်ကြတဲ့ ဒေသတွေဖြစ်ပါတယ်။

အဲဒီပုဒ်မအရ ဆက်ဒမ်ဟူစိန်အစိုးရလက်ထက်က ကာ့ဒ်လူမျိုးတွေကို နေရပ်ကနေ မောင်းထုတ်ပြီး အာရပ်လူမျိုးတွေ ကို အစားထိုးနေရာချထားခဲ့တဲ့ မူဝါဒတွေကို ပြန်လည်ပြင်ဆင်ဖို့၊ သန်းခေါင်စာရင်း ကောက်ယူဖို့နဲ့ ၂၀၀၇ ခုနှစ်မကုန်မီ အဲဒီနယ်မြေတွေကို ကာ့ဒ်ဒေသထဲ ထည့်သွင်းမလားဆိုတာ ဆန္ဒခံယူပွဲကျင်းပဖို့ သတ်မှတ်ထားပေမဲ့ အဲဒီလုပ်ငန်းစဉ် နှစ်ခုစလုံး အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

၂၀၁၄ ခုနှစ်မှာ အိုင်အက်စ် စစ်သွေးကြွတွေ ထိုးစစ်ဆင်လာချိန် အီရတ်စစ်တပ် ပြိုကွဲသွားခဲ့တာကြောင့် ကာ့ဒ် လက်နက်ကိုင် ပက်ရှ်မာဂါတပ်ဖွဲ့တွေဟာ ရေနံကြွယ်ဝတဲ့ ကာ့ခ်ကွတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာ ကာ့ဒ်ဒေသက လွတ်လပ်ရေးဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် အီရတ်တပ်ဖွဲ့တွေက အဲဒီနှစ် အောက်တိုဘာ လမှာ ပက်ရှ်မာဂါတပ်ဖွဲ့တွေကို နယ်မြေကနေ ပြန်လည်မောင်းထုတ်ခဲ့ပါတယ်။

ဘဂ္ဂဒက်နဲ့ အီရဘီတို့ကြား အဓိကအငြင်းပွားနေတဲ့ ကိစ္စတွေဟာ ရေနံတင်ပို့မှုနဲ့ ရေနံရောင်းချရငွေ ခွဲဝေရေးတို့ ဖြစ်ပါတယ်။ အီရတ်နိုင်ငံရဲ့ နိုင်ငံတော်ဘတ်ဂျက်ဝင်ငွေ ၉၀ ရာခိုင်နှုန်းခန့်ဟာ ရေနံဝင်ငွေအပေါ် မှီခိုနေရတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ရေနံတင်ပို့မှုဆိုင်ရာ အငြင်းပွားမှုကြောင့် ဘဂ္ဂဒက်အစိုးရက ကာ့ဒ်ဒေသအတွက် ခွဲဝေပေးနေတဲ့ ဗဟို ဘတ်ဂျက်ငွေတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ရေနံဝင်ငွေနဲ့ ဘတ်ဂျက်ခွဲဝေမှုဆိုင်ရာ သဘောထား ကွဲလွဲမှုတွေကြောင့် ကာ့ဒ်ဒေသက အစိုးရဝန်ထမ်းတွေရဲ့ လစာပေးချေမှုတွေ မကြာခဏ နောက်ကျခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ အီရတ်ဖက်ဒရယ်တရားရုံးချုပ်က ကာ့ဒ်ဒေသရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း တူရကီနိုင်ငံက အီရတ်နဲ့ ချုပ်ဆိုထားတဲ့ ပိုက်လိုင်းသဘောတူညီချက်ကို ချိုးဖောက်ပြီး ကာ့ဒ်ဒေသက ရေနံကို သီးခြားတင်ပို့ခွင့်ပြုခဲ့တယ်ဆိုတဲ့ နိုင်ငံတကာ ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် တူရကီမှ တစ်ဆင့် ရေနံတင်ပို့မှု ရပ်ဆိုင်းခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ ရေနံ ရောင်းချမှုကို ဗဟိုအစိုးရရဲ့ ကြီးကြပ်မှုအောက် ထားရှိမယ့် သဘောတူညီချက်နဲ့ ပြန်လည်စတင်နိုင်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း ကာ့ဒ်ဒေသအတွင်း နိုင်ငံရေးအခြေအနေတွေဟာ မတည်ငြိမ်မှုတွေ ရှိနေပါတယ်။ နိုဝင်ဘာ ၅ ရက် မှာ ကာ့ဒ်မျိုးချစ်သမဂ္ဂပါတီ ( PUK) ဟာ ကာ့ဒ်ဒီမိုကရက်တစ်ပါတီ ( KDP) ဦးဆောင်တဲ့ ဒေသအစိုးရအဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး လက်ရှိအစိုးရဟာ မအောင်မြင်တဲ့အစိုးရဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် သီးခြားအစိုးရတစ်ရပ် ဖွဲ့စည်းသွားမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ဒေသဆိုင်ရာရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီးနောက်ပိုင်း ကာ့ဒ်ဒေသအစိုးရ အဖွဲ့သစ် ကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးသလို လက်ရှိအစိုးရရဲ့ တရားဝင်မှုကိုလည်း အီရတ်ဖက်ဒရယ်တရားရုံးချုပ်မှာ စိန်ခေါ်ထား ပါတယ်။

Ref – AP

မူရင်းသတင်း — Kanbawza Tai News