Myanmar Transparency News

ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းပြုစုရာတွင် အတည်ပြုလူဦးရေ စာရင်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြုစုပေးပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြောကြား

၂၇.၁၁.၂၀၂၆
Written by Linn Eain

ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းပြုစုရာတွင် အတည်ပြုလူဦးရေ စာရင်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြုစုပေးပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၂၆ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့သည့် “ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး” တွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့် ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်တွင် မြို့နယ် ၅၀ ၌ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်းကို ထုတ်ပြန်ခဲ့ပြီး ယင်းမြို့နယ် ၅၀ အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အခြေခံအသုံးပြုမည့် အတည်ပြုလူဦးရေစာရင်းအား မိမိတို့မြေပြင်ကွင်းဆင်း ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က သတ်မှတ်ကာလအတွင်း အချိန်မီပြုစုပေးပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့ပြင် မဲစာရင်းပြုစုနိုင်ရန် လူဦးရေစာရင်းများပြုစုရာတွင် မြို့နယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စု လူဦးရေစာရင်းကို အခြေခံပြုစုရသည့်အတွက် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များ မှန်ကန်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက တိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်ခြောက်မြို့နယ်၏ အတည်ပြုလူဦးရေစာရင်းမှန်ကန်ရေးဆောင်ရွက်နေမှု၊ ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ရက်အရောက် ပေးပို့သွားမည့်အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News