NP News

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်ခံရ‌၍သေဆုံးနေသော အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

ထိုက်စံ (NP News) - နိုဝင်ဘာ ၂၇

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်ခံရ‌သောအနေအထားဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့(နိုဝင်ဘာ ၂၇ ရက်)၊ နံနက်(၄)နာရီကျော်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် (၃၄၅)မိုင်(၆)ဖာလုံနှင့် (၇)ဖာလုံအကြား နေပြည်တော်မှ မန္တ‌လေးသို့ အသွားလမ်း၊ အရှေ့ဘက်မြေသား‌ပေါ်တွင် အမည်မသိ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ ပက်လက်အနေအထားဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
သေဆုံးသူသည် အသက်(၇၀)နှစ်အရွယ်ခန့်ရှိပြီး အဆိုပါ ရုပ်အလောင်းအား တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး လူတိုက်မိကာထွက်ပြေးသွားသော ယာဉ်အမျိုးအစား၊ ယာဉ်မောင်း၊ ယာဉ်အမှတ်အား အမှုဖွင့်၍ စုံစမ်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အမြန်လမ်းမကြီးများ ဥပဒေ အခန်း (၇) ၊ ပုဒ်မ (၁၃) အရ "တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် မော်တော်ယာဉ်၊ လှည်းနှင့် ဖြတ်သန်းသွားလာခွင့် မပြုသည့် အခြားယာဉ်များ မောင်းနှင်ခြင်း သို့မဟုတ် ရပ်နားခြင်း၊ လူ၊ တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းကြောင့် လူနှင့် ပစ္စည်းထိခိုက်မှု သို့မဟုတ် သေဆုံးမှုဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာ၍ မောင်းနှင်သည့် မော်တော်ယာဉ်၏ ယာဉ်မောင်းတွင် တာဝန်မရှိစေရ"ဟုဖော်ပြထားသော်လည်း အမြန်လမ်းပေါ်တွင်ယာဥ်တိုက်မှုဖြစ်စဥ် ဖြစ်ပွားပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စစ်ဆေးမှုကိုခံယူအတည်ပြုရန် လိုအပ်ကြောင်း သိရသည်။

ထို့ပြင် လူ၊ ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီ၊ လှည်းစသည်တို့ကိုတိုက်မိပါက ၎င်းအတိုက်ခံရသူများသည် အမြန်လမ်းမကြီးများဥပဒေကိုဖောက်ဖျက်သူ မှန်/မမှန် နှင့် ယာဥ်မောင်းသည် ဥပဒေနှင့်အညီ ယာဥ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာ၍မောင်းနှင်သူ ဟုတ်/မဟုတ်တို့ကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုမည်ဖြစ်ပြီး စည်းကမ်းလိုက်နာပါလျက် မတော်တဆယာဥ်တိုက်မှုဖြစ်ပွားရသူ ယာဥ်မောင်းမှာ အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကိုတိမ်းရှောင်ထွက်ပြေးပါက အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကိုမရရှိတော့ဘဲ အခြားလမ်းများတွင်ဖြစ်ပွားသောယာဥ်တိုက်မှုကဲ့သို့ ပြစ်မှုပြစ်ဒဏ်များ ကျခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။

မူရင်းသတင်း — NP News