Myanmar Digital News

မွန်ပြည်နယ် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း ဖွင့်ပွဲကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၂၆

 

မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည်များ ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၆/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မွန်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးက စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းများကို ခြောက်ကြိမ်၊ သီးနှံစိုက်စွမ်းအားနှင့် သီးနှံ အထွက်နှုန်း တိုးတက်မြင့်မားစေရေးအတွက် နွေစပါးအပါအဝင် ဒုတိယသီးနှံများ စိုက်ပျိုးရာသီတွင် ၁၀ ကြိမ် စုစုပေါင်း ၁၆ ကြိမ် ဖွင့်လှစ်ပို့ချသွားရန် စီစဉ်ထားရှိကြောင်း၊ သင်တန်းသား သင်တန်း သူများအနေဖြင့် သင်တန်းမှရရှိလာသည့် ပညာရပ်များကို မွန်ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးတို့ အတွက် အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ကြပါစေကြောင်း တိုက်တွန်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးက သင်တန်းအတွက်လိုအပ်သော သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စည်သူ(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News