Myanmar Digital News

ဂျပန်နိုင်ငံ၌ ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စာသင်ကျောင်းများတွင် အနိုင်ကျင့်မှုဖြစ်စဉ် စံချိန်တင်မြင့်တက်

နိုဝင်ဘာ ၂၇

ဂျပန်အစိုးရ၏စစ်တမ်းတစ်ရပ်အရ ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ ကျောင်းများတွင် အနိုင်ကျင့်မှုဖြစ်စဉ်ပေါင်း ၇၉၀၀၀၀ ကျော် အစီရင်ခံတင်ပြခဲ့ပြီး ယင်းပမာဏသည် ငါးနှစ်ဆက်တိုက် စံချိန်တင်မြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။

ပညာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ အနိုင်ကျင့်မှုဖြစ်စဉ် စုစုပေါင်း ၇၉၁၇၈၄ မှု ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ၂၂၇၆၂ မှု ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

အစီရင်ခံတင်ပြခဲ့သည့်အနိုင်ကျင့်မှုဖြစ်စဉ်များအနက် မူလတန်းကျောင်းများတွင် ၆၂၀၇၇၄ မှု၊ အလယ်တန်းကျောင်းများတွင် ၁၄၆၂၁၇ မှု၊ အထက်တန်းကျောင်းများတွင် ၂၀၅၇၀ မှုနှင့် အထူးပညာရေးလိုအပ်ချက်ရှိသော ကျောင်းများတွင် ၄၂၂၃ မှု အသီးသီး တွေ့ရှိခဲ့ရသည်။

အနိုင်ကျင့်မှုကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများနှင့် အချိန်ကြာမြင့်စွာ ကျောင်းမတက်နိုင်တော့သည့် ဖြစ်စဉ်များအပါအဝင် ပြင်းထန်သည့် အနိုင်ကျင့်မှုဖြစ်စဉ် အရေအတွက်မှာလည်း ယခင်ဘဏ္ဍာနှစ်ထက် ၃၉၄ မှု တိုးလာခဲ့ပြီး စုစုပေါင်း ၁၇၉၈ မှုအထိ ရှိလာကြောင်း ဖော်ပြထားသည်။

စာသင်ကျောင်းများက ပြင်းထန်သည့်အနိုင်ကျင့်မှုဖြစ်စဉ်အများစုကို ဖြစ်စဉ်စတင်ပေါ်ပေါက်ချိန် ကတည်းက အနိုင်ကျင့်မှုအဖြစ် အသိအမှတ်ပြုခဲ့ပြီး သင့်လျော်သည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် ဖြစ်စဉ် ၂၇၉ ခုတွင် စာသင်ကျောင်းများသည် သတင်းအချက်အလက်များ ရရှိထားသော်လည်း ကလေးများအနေဖြင့် မိမိတို့ဘာသာ ပြဿနာကိုဖြေရှင်းနိုင်မည်ဟု ယူဆကာ အရေးယူဆောင်ရွက်မှု မပြုလုပ်ခဲ့ကြောင်းနှင့် ဖြစ်စဉ် ၃၄၉ ခုတွင် ကျောင်းသား၊ ကျောင်းသူများ အနိုင်ကျင့်ခံနေရသည်ကို စာသင်ကျောင်းများက လုံးဝသတိမပြုမိခဲ့ကြောင်း ဖော်ပြထားသည်။

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်နှောင့်ယှက်မှုများကို အမြန်ဆုံးကာကွယ်တားဆီးနိုင်ရန် လိုအပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News