၂၈.၁၁.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့ရှိ ခုတင် (၃၀၀)ဆံ့ အရိုးရောဂါကုအထူးကုဆေးရုံကြီးတွင် မွေးရာပါခါးရိုးကောက်သောလူနာ (၁၁)ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့၊ ခုတင် (၃၀၀)ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီး၏ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်တွင် ဆွစ်ဇာလန်နိုင်ငံ Swiss Spine Foundation မှ ကျောရိုးခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဒေါက်တာကံမင်းသည် အဆိုပါအရိုးရောဂါအထူးကုဆေးရုံကြီးမှ ကျောရိုးခွဲစိတ်ဆရာဝန်များဖြစ်ကြသည့် ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဇော်မင်းဟန်၊ ပါမောက္ခဒေါက်တာ သိန်းအောင်ကျော်၊ အထူးကုဆရာဝန်ကြီး ဒေါက်တာရှိန်မြင့်ဟန်တို့နှင့် ပူးပေါင်းကာ နိုဝင်ဘာ ၂၀ ရက်မှ ၂၇ ရက် အထိ မွေးရာပါခါးရိုးကောက်လူနာများကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခါးရိုးကောက်ရောဂါကုသခြင်းများကို ရန်ကုန်မြို့၊ အရိုးရောဂါအထူးကုဆေးရုံကြီး၏ ကျောရိုးပိုင်း ဆိုင်ရာခွဲစိတ်ကုသဆောင်မှ ဆရာဝန်ကြီးများကိုယ်တိုင် လုပ်ဆောင်၍ သော်လည်းကောင်း၊ နိုင်ငံခြားမှ ကျွမ်းကျင်သော ကျောရိုးခွဲစိတ်အထူးကု ဆရာဝန်များအား ဖိတ်ခေါ်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အရိုးရောဂါအထူးကုဆေးရုံကြီး ကျောရိုးခွဲစိတ်ကုသဌာနတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ကျောရိုး၊ လည်ပင်းအရိုး၊ ခါးရိုးနှင့်သက်ဆိုင်သောလူနာများ လာရောက်ပြသလျက်ရှိပြီး ကျောရိုးခွဲစိတ်လူနာဆောင်တွင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တို့တွင် ကျောရိုး ပြင်ပလူနာများကိုလည်းကောင်း၊ အင်္ဂါနေ့နှင့် ကြာသပတေးနေ့တွင် လက်ပိုင်းဆိုင်ရာ ပြင်ပလူနာများကိုလည်းကောင်း ကုသပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် တိုးချဲ့(၅)ထပ်လူနာဆောင်တွင် အထွေထွေအရိုးလူနာများအား တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၈ နာရီမှ ညနေ ၄ ခွဲအထိ ကုသပေးလျက်ရှိကာ ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ဆေးရုံတင်၍ ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။