
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အရိုးရောဂါအထူးကုဆေးရုံကြီးတွင် မွေးရာပါခါးရိုးကောက် ရောဂါခံစားနေရသည့် လူနာ (၁၁) ဦးကို နိုဝင်ဘာ (၂၀) ရက်မှ (၂၇) ရက်အထိ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါခွဲစိတ်ကုသမှုကို ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ခုတင် (၃၀၀) ဆံ့ ရန်ကုန်မြို့ အရိုးရောဂါအထူးကုဆေးရုံကြီး၏ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ Swiss Spine Foundation မှ ကျောရိုးခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ကံမင်းနှင့် မြန်မာနိုင်ငံမှ ကျောရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့၊ အရိုးရောဂါအထူးကုဆေးရုံကြီးမှ ပါမောက္ခနှင့် ဌာနမှူး ဒေါက်တာ ဇော်မင်းဟန်၊ ပါမောက္ခဒေါက်တာ သိန်းအောင်ကျော်နှင့် အထူးကုဆရာဝန်ကြီး ဒေါက်တာရှိန်မြင့်ဟန်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါဆေးရုံကြီး၏ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဌာနတွင် ခါးရိုးကောက်ရောဂါကုသမှုများကို ပြည်တွင်းမှ ကျောရိုးခွဲစိတ်အထူးကုဆရာဝန်များကိုယ်တိုင် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံခြားမှ ကျွမ်းကျင်သော ကျောရိုးခွဲစိတ်အထူးကုဆရာဝန်များကိုလည်း ဖိတ်ခေါ်ကာ ပူးပေါင်းကုသပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အဆိုပါဆေးရုံကြီးတွင် မြန်မာနိုင်ငံတစ်ဝန်းမှ ကျောရိုး၊ လည်ပင်းရိုးနှင့် ခါးရိုးဆိုင်ရာရောဂါများ ခံစားနေရသည့် လူနာများကို ပြင်ပလူနာဌာနများမှတစ်ဆင့် လက်ခံကုသပေးလျက်ရှိပြီး ခွဲစိတ်ကုသရန် လိုအပ်သူများကိုလည်း ဆေးရုံတင်၍ ကုသပေးလျက်ရှိကြောင်း သိရသည်။