Myanmar Transparency News

ဝါရင့်အနုပညာရှင်ကြီးတွေကိုယ်တိုင် သင်ကြားပို့ချမယ့် “ပန်းခင်းလမ်း”သရုပ်ဆောင်အနုပညာသင်တန်း မိတ်ဆက်

၂၈.၁၁.၂၀၂၆
Written By Thandar

အနုပညာလောကကို ဝင်ရောက်လိုသူ‌တွေအတွက် ရည်ရွယ်ပြီး အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်တွေ မွေးထုတ်ပေးမယ့် Delightful Event Planning Company Limited က စီစဉ်ပြီး ဝါရင့်အနုပညာရှင်ကြီးတွေကိုယ်တိုင် သင်ကြားပို့ချမယ့် “ပန်းခင်းလမ်း သရုပ်ဆောင်အနုပညာသင်တန်း” မီဒီယာမိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ၂၇ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊  (၁၅) ရပ်ကွက် မိုးကောင်းလမ်း၊ အမှတ် (၁၅) ရှိ သင်တန်းခန်းမမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ သင်တန်းမှာ မြန်မာ့ရုပ်ရှင်နဲ့ အနုပညာလောကထဲက ဝါရင့်အကယ်ဒမီဆုရှင် ဒါရိုက်တာကြီးတွေ ကိုယ်တိုင်ပါဝင်သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။

သင်ကြားပို့ချမယ့် ဆရာကြီးတွေအနေနဲ့ အကယ်ဒမီများရှင် ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုး၊ ဒါရိုက်တာ မောင်သီ၊ ဒါရိုက်တာ ညိုမင်းလွင်၊ အကယ်ဒမီများရှင် ရန်အောင်၊ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ငြိမ်းမင်း၊ အကယ်ဒမီ ဦးကိုကိုလေးနဲ့ ဦးနန်းဝင်းတို့က တာဝန်ယူသင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီ Actor Course မှာ အခြေခံသရုပ်ဆောင်ပညာ၊ သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းပညာ၊ အခြေခံရုပ်ရှင်ရိုက်ကူးရေးပညာ၊ အခြေခံရုပ်ရှင်တည်းဖြတ်ပညာ၊ အခြေခံရုပ်ရှင်ရိုက်ကူးရေး စီမံညွှန်ကြားမှုပညာ၊ အခြေခံရိုက်ကူးရေးနဲ့ ဇာတ်လမ်းတွဲရိုက်ကူးရေး ပညာရပ်တွေကို စာတွေ့လက်တွေ့ ကို (၃) လတာကြာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်သူ၊ အသက် ၁၆ နှစ်ကနေ ၃၅ နှစ်အတွင်းရှိသူ၊ ရုပ်ရည်သင့်တင့်ပြေပြစ်သူ ဖြစ်ရမယ့်အပြင် ပညာအရည်အချင်း အနည်းဆုံး အခြေခံပညာအလယ်တန်းအောင်မြင်ပြီး တည်ဆဲဥပဒေတွေ မငြိစွန်းသူ ဖြစ်ရမယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ နိုင်ငံခြားသားဖြစ်ပါက မြန်မာနိုင်ငံရဲ့ တရားဝင် ဗီဇာ (Visa) နဲ့ နေထိုင်သူ ဖြစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကြေးအနေနဲ့ တစ်လကို ကျပ် ၄၀၀,၀၀၀ နှုန်းနဲ့ ၃ လအတွက် ကျပ် ၁,၂၀၀,၀၀၀ သတ်မှတ်ထားပြီး အစောဆုံး လာရောက်အပ်နှံတဲ့  သင်တန်းသား ၁၀ ဦးကို အထူးနှုန်းထားအနေနဲ့ တစ်လကို ကျပ် ၃၀၀,၀၀၀ နှုန်းနဲ့ ၃လအတွက် ကျပ် ၉၀၀,၀၀၀ နဲ့ လက်ခံသင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက အမှတ် (၁၅)၊ မိုးကောင်းလမ်း၊ (၁၅) ရပ်ကွက်၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ သင်တန်းကျောင်း (သို့)ဖုန်းနံပါတ် ၀၉-၅၀၂၄၇၁၇ နဲ့ ၀၉-၆၈၃၈၆၄၀၄၀ တို့ကို လည်း ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။

#ရန်အောင် #YanAung #နန်းဝင်း #NanWin #DelightfulEventPlanningCompanyLimited #ပန်းခင်းလမ်းသရုပ်ဆောင်အနုပညာသင်တန်း #DELIGHTFULEVENTPLANNINGCOMPANYLIMITED

မူရင်းသတင်း — Myanmar Transparency News