၂၈. ၁၁. ၂၀၂၆
Written by Linn Eain
ဒဂုံတက္ကသိုလ်ရှိ အားကစားကွင်းဟောင်းကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး အားကစားကွင်းသစ် ထပ်မံတည်ဆောက်သွားမည်ဖြစ်သည့်အတွက် စံချိန်စံညွှန်းမီသည့် အားကစားကွင်းများဖြစ်ရန်လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်တွင် နိုဝင်ဘာ ၂၇ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့သည့် ဒဂုံတက္ကသိုလ်၏ ဦးစားပေး(၁) အဆောက်အအုံများ အသစ်တည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က “ထူးချွန်သည့် အားကစားသမား ကျောင်းသား ကျောင်းသူများ မွေးထုတ်နိုင်ရန်ရည်ရွယ်၍ ကျောင်းသား ကျောင်းသူများ၏ အားကစားစွမ်းရည်များ တိုးတက်စေရန် အားကစားကွင်းဟောင်းကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး အားကစားကွင်းသစ် ထပ်မံတည်ဆောက်သွားမည်ဖြစ်သည့်အတွက် စံချိန်စံညွှန်းမီသည့် အားကစားကွင်းများဖြစ်ရန် လိုအပ်ကြောင်း” အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဒဂုံတက္ကသိုလ် အဆောက်အအုံတည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးကောင်းမွန်ပြီး ရေရှည်ခိုင်ခံ့မှုရှိစေရန် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသစ်ဆောက်လုပ်ခြင်းထက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာချောချောစိန်က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲသို့ အဆောက်အဦ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
