NP News

သံဖြူဇရပ်တွင် ပျောက်ဆုံးနေသော လူငယ်နှင့်ပတ်သက်၍ သူငယ်ချင်းကိုစစ်မေးရာမှ အသတ်ခံရကြောင်း ပေါ်ပေါက်

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က ပျောက်ဆုံးနေသော အသက် (၂၁) နှစ်အရွယ် လူငယ်နှင့်ပတ်သက်၍ တာဝန်ရှိသူများက သူငယ်ချင်းကိုစစ်မေးရာမှ အသတ်ခံရကြောင်း ပေါ်ပေါက်သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ လူငယ်မှာ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ နိုဝင်ဘာလ (၂၅) ရက် ညပိုင်းတွင် ကြာကန်ကွင်း၌ ပြုလုပ်သည့် မီးပုံပျံပွဲ သွားမည်ဟု ဆိုကာ နေအိမ်မှ ထွက်ခွာပြီးနောက် ပြန်မလာသည့် အတွက် လူပျောက်တိုင်ခြင်းနှင့် အင်တာနက်လူမှုကွန်ယက်စာမျက်နှာများထက်တွင်လည်း ကူညီ၊ ရှာဖွေပေးရန် ရေးသားခြင်းများ ရှိခဲ့သည်။
ယင်းနှင့် ပတ်သက်၍ စုံစမ်းရာ အသက် (၁၇) နှစ်အရွယ် သူငယ်ချင်းဖြစ်သူအိမ်သွားသည်ဟု တာဝန်ရှိသူများ က သိရသည့်အတွက် နိုဝင်ဘာလ (၂၆) ရက်တွင် ခေါ်ယူစစ်မေးခဲ့ရာ ၎င်းက ကျူးလွန်ကြောင်း ဝန်ခံပြီး အလောင်းကိုလည်း လိုက်လံ ပြသခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် သေဆုံးသူက အိမ်သို့ ရောက်လာကာ အကြွေးဖြင့် ရှမ်းကိုးမီး ဖဲကစားကြရာ ငွေကျပ် (၅၆) သိန်း ရှုံးသည့် အတွက် ပိုက်ဆံမပေးနိုင်လျှင် ဆိုင်ကယ်ယူမည်ဟု ပြောရာ သေဆုံးသူက သော့ပစ်ပေးကြောင်း၊ ထို့နောက် ကျူးလွန်သူက မယူတော့ကြောင်း ပြောပြီး သော့ကို ပြန်ပစ်ပေးရာ သေဆုံးသူက သော့ကို ကောက်ယူပြီး ကျူးလွန်သူကို ပါးရိုက်ခဲ့ကြောင်း ထွက်ဆိုသည်ဟု သိရသည်။
ထို့နောက် သတ်မည်ဟု ဆုံးဖြတ်၍ အသွားငါးလက်မ၊ ကော်ပိုက်ရိုးတပ် ဓားမြှောင်ကို အိတ်ဖြင့် ထည့်၍ ရာဘာအစေးလှီးမည့် နေရာသို့ လိုက်ပို့ပေးရန် သေဆုံးသူအား ပြောကြားခဲ့ကြောင်း၊ ထို့နောက် စက်သစ်ရပ်ကွက်၊ ချုံတောစပ်တွင် ဆိုင်ကယ်ရပ်ခိုင်း၍ အသင့်ပါလာသော ဓားဖြင့် နံကြားသို့ ထိုးကာ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းကို ယူ၍ ပြန်လာခဲ့သည်ဟု ထွက်ဆိုကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူအား သံဖြူဇရပ်မြို့မရဲစခန်းက (ပ) ၁၃၂/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၈၂၊ အမှုကြီးအမှတ်စဉ် (၂/၂၀၂၆) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — NP News