Kanbawza Tai News

ရွှေညောင်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဆက်တိုက် ဖမ်းမိ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်လာသူများနှင့်အတူ ဆက်တိုက်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

တောင်ကြီးခရိုင် မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က ရွှေညောင်မြို့၊ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်၊ နယ်မြေ (၂)၊ ပုလဲလမ်းမပေါ်တွင် ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ် ယင်းလမ်းအတိုင်း တစ်ဦးတည်း လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးအား တားဆီးစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် လမ်းလျှောက်လာသူမှာ ရွှေညောင်မြို့၊ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်နေ ထိန်လင်း (ခ) အထူး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းဝတ်ဆင်ထားသည့် ချည်လွယ်အိတ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၆ ထုပ်၊ စုစုပေါင်း ဆေးပြား ၁၂၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ပူးပေါင်းအဖွဲ့က ယင်းနေ့ နေ့လယ် ၂ နာရီခန့်တွင် ရွှေညောင်မြို့၊ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်၊ နယ်မြေ (၆) ဗိုလ်တိုက်ချွန်းလမ်းပေါ်တွင် ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ် ယင်းလမ်းအတိုင်း လမ်းလျှောက်လာသူ အမျိုးသား တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်၊ ရွှေညောင်မြို့နေ အောင်အောင်ထွေး (ခ) အောင်ထွေး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်း ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် အင်္ကျီအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူများအား ရွှေညောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ယင်းနေ့ ညနေပိုင်းတွင်ပင် မူးယစ်ဆေးဝါး ကျော်ဇောသတင်းရှိသူတစ်ဦးကို ရွှေညောင်မြို့၊ တောင်လေးလုံး ကျေးရွာအုပ်စု၊ ဖက်နမ်ကျေးရွာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News