Kanbawza Tai News

တာချီလိတ်မြို့နယ်တွင် ကျပ်သိန်း ၂၇၀၀ ကျော် တန်ဖိုးရှိ ကက်တမင်း မူးယစ်ဆေးများ ဖမ်းမိ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် နိုဝင်ဘာလ ၂၆ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်းပေါင်း ၂၇၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါး ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၆ ရက်၊ ညနေ ၃ နာရီခန့်က မူးယစ်ဆေးဝါး သတင်းအရ တာချီလိတ်မြို့နယ်၊ ဆီဝန်းထောင်းကျေးရွာအနီး၊ တာချီလိတ်-ဝမ်ပုံသွား ကားလမ်းပေါ်တွင် ညီခမ်း မောင်းနှင်ပြီး အိုက်လင်း လိုက်ပါစီးနင်းလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး ကက်တမင်း အလေးချိန် ၃၁ ကီလို၊ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂၇၉၀ အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ပြောင်းဆေးဝါး ကက်တမင်းများနှင့်အတူ ဖမ်းဆီးရမိသူ ညီခမ်းနှင့် အိုက်လင်း တို့နှစ်ဦးအား ဝမ်ပုံ နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News