
ဂျန်ဇက် (NP News)- နိုဝင်ဘာ ၂၉
ထိုင်းအာဏာပိုင်များသည် တရုတ်နှင့် မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးပြီး Starlink ကွန်ပျူတာ/စက်ပစ္စည်း ၄၀ ကို သိမ်းဆည်းရမိခဲ့ကာ မြန်မာနိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော် တရားမဝင် ပြန်လည်ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား ၄၁ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များသည်ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်း Starlink စက်ပစ္စည်း ၄၀ ကို တရားမဝင် တပ်ဆင်ထားသည်ကို တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်မှ လျှပ်စစ်ဓာတ်အားကို ရယူအသုံးပြုပြီး နယ်စပ်ဖြတ်ကျော် အချက်ပြကေဘယ်ကြိုးများ သွယ်တန်းနေသည်ကို တွေ့ရှိခဲ့သဖြင့် တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၄ ဦးတို့ကို ဖမ်းဆီးခဲ့သည်။
မြန်မာလုံခြုံရေးတပ်ဖွဲ့များက ဂရန်းမြဝတီ ကာစီနိကို ဝင်ရောက်စီးနင်းပြီးနောက် မြန်မာနိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော် ထိုင်းဘက်သို့ တရားမဝင် ဝင်ရောက်လာခဲ့သည့် ထိုင်းနိုင်ငံသား ၄၁ ဦးကို ဖမ်းဆီးကြောင်း ထိုင်းအာဏာပိုင်များကပြောသည်။
ထို့အပြင် အွမ်ဖန်မြို့နယ် (Umphang District) တွင် ဖိုင်ဘာအော့ပတစ် ကွန်ဗာတာ (fiber optic converter) ၂၈ လုံးနှင့် အင်တာနက်ကေဘယ်ကြိုး မီတာ ၃,၀၀၀ ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထိုင်းလုံခြုံရေးအဖွဲ့သည်တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်၊ ဝါးလေကျေးရွာအုပ်စု၊ အမှတ် (၁) ရွာ ဘန်မော်ကာတိုင် နှင့် အမှတ် (၂) ရွာ ဘန်ဝါးလေတိုင် ကြား ဧရိယာကို ကင်းလှည့်စစ်ဆေးခဲ့ရာသံသယဖြစ်ဖွယ် ယာယီတဲတစ်ခုကို တွေ့ရှိ၍ ရှာဖွေစစ်ဆေးရာ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၄ ဦး ကို ဖမ်းဆီးခဲ့ပြီး၄င်းတို့နှင့်အတူ Starlink စက်ပစ္စည်း ၄၀ နှင့် ဆက်စပ်ပစ္စည်း ၁၃ မျိုးကိုလည်း သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ မြန်မာနိုင်ငံအတွင်း Starlink စနစ်ကိုဆိုင်းငံ့ထားသောကြောင့် အဆိုပါအဖွဲ့သည် ထိုင်းဘက်ခြမ်းတွင် Starlink စက်ပစ္စည်းများကို တရားမဝင် တပ်ဆင်ကာ မြန်မာဘက်ရှိ မီးစက်များမှ လျှပ်စစ်ဓာတ်အားပေးပြီး အချက်ပြကေဘယ်ကြိုးများကို မြန်မာဘက်သို့ ပြန်လည်သွယ်တန်း အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။
သံသယရှိသူ ၅ ဦးစလုံးက စွဲချက်များကို ဝန်ခံခဲ့ပြီး အာဏာပိုင်များက ၎င်းတို့ကို ထိန်းသိမ်းကာ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဖုတ်ဖရရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် တရားမဝင် ပြန်လည်ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား ၄၁ ဦး (အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၄ ဦး) ကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင်ထိုင်းလုံခြုံရေးအဖွဲ့သည် တာ့ခ်ခရိုင်၊ အွမ်ဖန်မြို့နယ်၊ ဘန်ပေါင်းကလင်း လုံခြုံရေးစစ်ဆေးရေးဂိတ်တွင် ယာဉ်နံပါတ်ပြားမပါသည့် ပစ်ကပ်ထရပ်ကားတစ်စီးကို စစ်ဆေးတွေ့ရှိခဲ့ပြီးယာဉ်အတွင်းမှ ဖိုင်ဘာအော့ပတစ် ကွန်ဗာတာ ၂၈ လုံးနှင့် ဖိုင်ဘာအော့ပတစ် အင်တာနက်ကေဘယ်ကြိုး မီတာ ၃,၀၀၀ တို့ကို တွေ့ရှိခဲ့သည်။
အဆိုပါပစ္စည်းများကို လက်ခံမည့်သူ သို့မဟုတ် အသုံးပြုမည့်ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းသော အချက်အလက် မရှိသေးကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားသည်။
