NP News

ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများတည်ဆောက်ရေးကို သတ်မှတ်ထားသောအချိန်အတွင်း ပြီးစီးစေရေး အင်တိုက်အားတိုက်ဆောင်ရွက်ရန်တိုက်တွန်း

စော (NP News) - နိုဝင်ဘာ ၂၉

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ထားသောအချိန်အတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးစေရေး လူအင်အား၊ စက်ယန္တရားများထပ်တိုးပြီး အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်လိုကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်က တိုက်တွန်းပြောကြားခဲ့သည်။
ပြီးခဲ့သည့်(နိုဝင်ဘာလ ၂၇ ရက်) က နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်သည့် ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိဝန်ထမ်းအိမ်ရာအသစ်များ တည်ဆောက်ခြင်းနှင့် ပျက်စီးမှုကြီး(အနီရောင်အဆင့်) ဝန်ထမ်းအိမ်ရာအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ညှိနှိုင်းအစည်းအဝေးအတွင်း အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေး၌ ဝန်ထမ်းအိမ်ရာအသစ်များ တာဝန်ယူဆောင်ရွက်နေသော ဆောက်လုပ်ရေးကုမ္ပဏီအသင်းအဖွဲ့တို့မှ တာဝန်ရှိသူများအား တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ထားသောအချိန်အတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးစေရေး လူအင်အား၊ စက်ယန္တရားများထပ်တိုးပြီး အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်နှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ မီး/ရေ/မိလ္လာပစ္စည်းများ ကြိုတင်စုဆောင်းထားရှိကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေး ဆောင်ရွက်နေကြသည့် QA/QC ကုမ္ပဏီများကလည်း သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင်ဆောင်ရွက်စေရေး ကြပ်မတ်ကြရန်၊ လက်ရာလက်သားနှင့် အရည်အသွေးကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများပြီးစီးပါကလည်း မီး၊ ရေ၊ မိလ္လာစနစ်များ Function ဖြစ်စေရေးနှင့် နေထိုင်သူများ အဆင်ပြေစေရေး အထူးအလေးထား စစ်ဆေးဆောက်ရွက်ကြစေလိုကြောင်း ဆက်လက်မှာကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများ၏ တင်ပြမှုများအပေါ် ဒုတိယ မြို့တော်ဝန်က လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို သတ်မှတ်ထားသော အချိန်ကာလအတွင်း အရည်အသွေး ပြည့်မီစွာပြီးစီးစေရေး အထူးအလေးထားဆောင်ရွက်ကြရန်တို့ကို ထပ်မံပြောကြားခဲ့သည်။

မူရင်းသတင်း — NP News