
နိုဝင်ဘာ ၂၉ ၊ ၂၀၂၆
GG ( VOM)
ICJ တရားရုံးရဲ့ မြန်မာနိုင်ငံအပေါ် စီရင်ချမှတ်ခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲကို ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်း ၊ ပဲခူးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဖြစ်လို့ အဲဒီအပေါ် ကန့်ကွက် ရှုံ့ချကြောင်း နဲ့ လက်မခံကြောင်းကို နိုင်ငံတကာက သိရှိအောင် အခုလို တုံ့ပြန်ကန့်ကွက်ပွဲ စီစဥ်ကျင်းပရတာဖြစ်တယ်လို့ ပွဲဦးဆောင်စီစဥ်သူထဲက တယောက်ဖြစ်တဲ့ ကိုနောင်တော်လေးက ပြောပါတယ်။
“မိမိတို့နိုင်ငံအပေါ် မတရားသဖြင့် မှားယွင်းတဲ့ဆုံးဖြတ်ချက်ပါ။ ဒါကြောင့်ကန့်ကွက်တာဖြစ်တယ်။ပဲခူးမြို့ မှာ ခုလိုညီညီညွတ်ညွတ် လုပ်ဆောင်ကြသလို နိုင်ငံတကာခေါင်းဆောင်တွေသိဖို့ရယ် အစ်ကိုတို့တိုင်းပြည်က ဒီလူမျိုးတွေကို သတ်ဖြတ်မှုကျူးလွန်ခြင်းမရှိဘူးဆိုတာရယ် နောက်တချက်က ဒီလူမျိုးတွေနာမည်ဆိုတာကို လက်မခံဘူး ဒါကြောင့် ပြတ်ပြတ်သားသားဆောင်ရွက်တာပါ။ ” လို့ ဆိုပါတယ်။
အဲဒီ ICJ ကန့်ကွက်ရှုံ့ချပွဲကို ပဲခူးမြို့ခံတွေအပြင် ရန်ကုန် ၊နေပြည်တော် နဲ့ အခြားမြို့နယ်တွေက ပြည်သူတွေ ရဟန်းသံဃာ တွေအတူပူးပေါင်းပါဝင်ခဲ့ပြီး အမျိုးသားရေးဆရာတော် ဦးဝီရသူလည်း ပါဝင်ကာ ဟောပြောခဲ့ပါတယ်။
” ဂျီဟတ်ဝါဒီတွေအာလုံးက ICJ ကိုချုပ်ကိုင်ထားပြီ။ICJ ကတရားသူကြီးတွေက ဒီဝါဒီတွေရဲ့စိတ်တိုင်းကျ ခြယ်လှယ်မှုကိုခံယူပြီးတော့ နိုင်ငံငယ်တွေကိုလိုက်ပြီးအနိုင်ကျင့်နေကြတယ်။အဲတော့ICJ ကအပြည်ပြည်ဆိုင်ရာတရားရုံးမဟုတ်ပါဘူး။ ကမ္ဘာ့ဂျီဟတ်ဌာနချုပ်ကြီးပါ။ဂျီဟတ်ချုပ်ကြီးကိုအမှီပြုပြီး ဘင်္ဂါလီဆိုတဲ့ကောင်တွေက သူတို့တွေထင်တိုင်းကြဲလို့ရအောင် ပြောရမယ်ဆိုရင် ထိုးဖောက်လို့ရအောင် အတင်း နိုင်ငံငယ်တွေကို လိုက်အနိုင်ကျင့်နေတာ။” လို့ ဟောပြောခဲ့ပါတယ်။
ဒီကနေ့ ကျင်းပခဲ့တဲ့ ပဲခူးမြို့က ICJ ရဲ့ စီရင်ချက်ကို ကန့်ကွက်ရှုံချပွဲက ပဲခူးမြစ်ကူးတံတားကနေ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားဝန်းအထိ လမ်းလျှောက် ချီတက်ပြီး “အိုင်စီဂျေတရားရုံး၏ မှားယွင်းသောစီရင်ချက်များ—-အလိုမရှိ၊” “အမှန်တရားကိုမျက်ကွယ်ပြု၍ စီရင်ခဲ့သော အိုင်စီဂျေ၏စီရင်ချက်များ ပယ်ဖျက်ပေးရေး —ဒို့အရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ICJ ရဲ့ မြန်မာနိုင်ငံအပေါ် စီရင်ချမှတ်ခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲတွေကိုတော့ နေပြည်တော် ၊ရန်ကုန် ၊ မန္တလေး နဲ့ မွန်ပြည်နယ် အပါအဝင် တခြားမြို့နယ်တွေမှာပါ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေပါတယ်။
#Voiceofmyanmar
#VOM
#ICJကန့်ကွက်ရှုံ့ချပွဲ
#ပဲခူး