
ထိုက်စံ(NP News)-နိုဝင်ဘာ ၂၉
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား(၃)ဦးကို M4A1 သေနတ် (၁၅)လက်နဲ့အတူ ထိုင်းအာဏာပိုင်တွေမှ ဖမ်းဆီးခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ယမန်နေ့(နိုဝင်ဘာ ၂၈ ရက်)က မဲဆောက်မြို့နှင့် မြဝတီမြို့ကို ဆက်သွယ်ထားသော ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတား၏ ထိုင်းဘက်ခြမ်းတွင် စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မြန်မာအမျိုးသား(၂)ဦးနှင့် အမျိုးသမီးတစ်ဦး လိုက်ပါလာသော မြန်မာဘက်သို့ မောင်းနှင်းလာသည့် မီးခိုးရောင် တိုယိုတာ ကိုယ်ပိုင်ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ M4A1 အမျိုးအစား ကာဘိုင်စစ်သုံး ရိုင်ဖယ်သေနတ် (၁၅) လက်အား တွေ့ရှိဖမ်းဆိးရမိခဲခြင်းဖြစ်ကြောင်း သိရသည်။
“ဖမ်းမိတဲ့ အမျိုးသားက တပ်နယ်(၄) က ဗိုလ်ချင်းလုံရဲ့သား၊ ဘေးက သူ့အမျိုးသမီးပါ။ လိုင်းပေါ်မှာရေးနေသလို ဗိုလ်ချစ်သူဟာမဟုတ်ဘူး။ သူက ပိုင်လို့ နာမည်ခံပြီး ပြန်ထုတ်ပေးဖို့ သူ့ဟာလို့ပြောရင်တော့မသိပါ။ ထုတ်လို့လည်းရမှာမဟုတ်ပါ ”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများအား မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းထားပြီး အရေးယူနိုင်ရန် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။