
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ သာစည်ဘူတာအဝင်နေရာတွင် အများပြည်သူ စိတ်လက်အပန်းဖြေလေ့လာကြည့်ရှုနိုင်ရန် အလှပြရေနွေးငွေ့စက်ခေါင်းထားရှိမည့် ပန်းခြံတစ်ခု တည်ဆောက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက မှာကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၈ရက်) က သာစည်ဘူတာသစ် တည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် ရထားပိုင်နယ်မြေနှင့် ဘူတာယာဒ်ဝင်းများကို ခြံစည်းရိုးကာရံရန်နှင့် သာစည်ဘူတာအဝင်နေရာတွင် အလှပြရေနွေးငွေ့စက်ခေါင်းထားရှိမည့် ပန်းခြံတည်ဆောက်ရန် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားခဲ့သည်။
ထို့ပြင် သာစည်ဘူတာသစ် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးစေရန်၊ Waiting Shed များကို Platform အပြည့် တိုးချဲ့တည်ဆောက်ရန်နှင့် ဘူတာယာဒ်ဝင်းအတွင်း အများပြည်သူ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် လူကူးခုံးကျော်တံတား တည်ဆောက်ရန်လည်း ၎င်းက ပြောကြားခဲ့သည်။
ထို့နောက် ဘူတာအဝင်လမ်း၊ လူသွားလမ်းပလက်ဖောင်းနှင့် ရေနုတ်မြောင်းများ စနစ်တကျဖောက်လုပ်ရေး၊ လျှပ်စစ်မီးတိုင်များ ပြန်လည်စိုက်ထူရေး၊ ရထားလိုက်ဝန်ထမ်းများ နားနေရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်မွမ်းမံရေးတို့ကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။