
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ မူးရားအနောက်ကျေးရွာတွင် နိုဝင်ဘာလ ၂၇ ရက်၊ ညပိုင်းက လင်မယား စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။
နောင်လေကျေးရွာအုပ်စု၊ မူးရားအနောက်ကျေးရွာနေ နန်းသန်းအေး သည် နိုဝင်ဘာ ၂၇ ရက်၊ ညနေ ၆ နာရီခွဲခန့်က နေအိမ်တွင် ရှိနေစဉ် ခင်ပွန်းဖြစ်သူ ခွန်အောင်နိုင် ယာခင်းမှ ပြန်လည်ရောက်ရှိလာပြီးနောက် လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စကားများရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူ ခွန်အောင်နိုင်က အသင့်ပါလာသည့် အရိုး/အသွား ၁ ပေခန့်ရှိ ဓားဦးချွန်ဖြင့် ဇနီးဖြစ်သူ နန်းသန်းအေးအား ၄/၅ ချက်ခန့် ထိုး၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ နန်းသန်းအေး အား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ယင်းနေ့ည ၈ နာရီခွဲ ခန့်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“နောင်လေအုပ်စု၊ မူးရားရွာမှာဖြစ်တာပါ။ အမှုဖွင့်ထားပါတယ်။ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်” ဟု တောင်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အတူ နောင်လေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကလည်း “၂၇ ရက်ညက ဖြစ်တာပါ။ သူက အပြင်ကနေ ပြန်လာပြီး အော်သံကြားလို့ ဘေးအိမ်က သွားကြည့်တဲ့အခါမှာ သူ့ယောက်ျားက သူ့ကို ဓားနဲ့ ထိုးပြီး ထွက်ပြေးသွားတာပါ။ အခုထိ ဖမ်းမမိသေးပါဘူး” ဟု ပြောဆိုခဲ့သည်။
အဆိုပါ ဇနီးဖြစ်သူအား ဓားဖြင့်ထိုး၍ ထွက်ပြေးတိမ်းရှောင်နေသူ ခွန်အောင်နိုင်အား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။