Eleven Media Group

မိုင်းမောမြို့နယ်တွင် မူးယစ်ဆေးသုံးကာ စိတ်မူမမှန်ဖြစ်ပြီး ဖခင်ဖြစ်သူအား ဓားဖြင့်ခုတ်သတ်သူကို UWSA က သေဒဏ်ချမှတ်

"၀" ​ဒေသ မိုင်း​မောမြို့နယ် ပန်ဝိုင်​ကျေးရွာတွင် မူးယစ်​ဆေးသုံးကာ စိတ်မူမမှန်ဖြစ်ပြီး ဖခင်ဖြစ်သူအား ဓားဖြင့်ခုတ်သတ်သူကို UWSA ကသေဒဏ်ချမှတ်ခဲ့​ကြောင်း သိရသည်။

ထိုသို့​သေဒဏ်ချမှတ်ခံရသူအား UWSA က အများပြည်သူအား ပြသခဲ့​မှုကို "၀" ​ဒေသရုပ်သံ (WSTV)က ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ချက်ကို ကိုးကား၍ "ဝ" လူငယ့်အသံကွန်ရက်က ထပ်ဆင့်သတင်း​ဖော်ပြခဲ့သည်။

မူးယစ်​ဆေးသုံးကာ စိတ်မူမမှန်ဖြစ်ပြီး ဖခင်ဖြစ်သူအား ဓားဖြင့်ခုတ်သတ်သူသည် အသက် ၃၀ နှစ်အရွယ်ရှိ ချိန်ညီရုန်းဆိုသည့် အမျိုးသားတစ်ဦးဖြစ်ပြီး ဖခင်ကို သေစေသည်အထိ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း "ဝ" လူငယ့်အသံ ကွန်ရက်တွင် ​ဖော်ပြထားသည်။

အလားတူ UWSA ကထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်က ကုန်စုံဆိုင် တစ်ခု၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကာ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အသတ်ခံရမှုဖြစ်စဉ်တွင် ကျူးလွန်သူကို နှစ်လအကြာ ​အောက်တိုဘာ ၃၀ ရက်တွင် "၀" အဖွဲ့က သေဒဏ်ချမှတ်ခဲ့သည်။

"၀"အဖွဲ့အနေဖြင့် ယခင်ကလည်း ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသအတွင်း ရာဇဝတ်မှုကျူးလွန်သူများကို အများပြည်သူရှေ့တွင် ပြစ်ဒဏ်ချမှတ်ပြီးနောက် ၎င်းတို့ထိန်းချုပ်ထားသည့်မြို့များတွင် ပြစ်မှုကျူးလွန်သူများကို အများပြည်သူများအား လိုက်လံလှည့်လည်ပြသလေ့ရှိသည်ကို တွေ့ရသည်။

မူရင်းသတင်း — Eleven Media Group