
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၇၉/၁) ၌ဖြစ်ပွားခဲ့သည့် အငှားယာဉ်မောင်းအား သတ်ခဲ့သူမှာ လူကုန်ကူးမှုးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦးဖြစ်ပြီး အသတ်ခံရသူ၏ဖခင်မှာလည်း ရဲမှုးတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့အဝန်းဝိုင်းမှ စုံစမ်းသိရသည်။
မိတ္ထီလာမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၇၉/၁ အရှေ့ဘက် ၂၃၅ ပေခန့်အကွာ လှည်းလမ်းမဘေး၌ အမျိုးသားအလောင်း တစ်လောင်းအား စက်တင်ဘာ ၆ ရက် ညနေ ၆ နာရီခန့်က တွေ့ရှိခဲ့သဖြင့် မိတ္ထီလာမြို့မရဲစခန်းတွင် (ပ) ၁၄၉/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ သေဆုံးသူမှာ နေပြည်တော်တွင် ကားအငှားလုပ်ငန်း လုပ်ငန်းလုပ်ကိုင်နေထိုင်သူ ဦးဝင်းကို အသက် (၃၄) နှစ်ပြီး ဖခင်ဖြစ်သူမှာ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးမှ ရဲမှူးတစ်ဦးဖြစ်ကြောင်း သိရသည်။
၎င်းသည် နေပြည်တော်မှ မိတ္ထီလာသို့ ကားအငှားလိုက်သွားပြီး အဆက်သွယ်မရတော့သဖြင့် မိသားစုဝင်များမှ ရဲတပ်ဖွဲ့ထံ ဆက်သွယ်ကာ အကူညီတောင်းခံခဲ့သဖြင့် စုံစမ်းခဲ့ကြောင်း သိရသည်။
ကားငှားးပြီး လူသတ်မှုကျုးလွန်သူကို ယင်းနေ့ ညတွင်းချင်း ၁၂ နာရီခွဲတွင် နေပြည်တော်၌ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (နေပြည်တော်) မှ ရဲတပ်သား ရဲရင့်အောင် (၂၂နှစ်) ဖြစ်ကာ မိတ္ထီလာမြို့ရှိ ရည်းစားဖြစ်သူထံ သွားရောက်ရန် နေပြည်တော်၊ မြို့မဈေးမှ အငှားမော်တော်ယာဉ်တစ်စီးအား ၄ သိန်းကျပ်ဖြင့် ငှားရမ်းပြီး မိတ္ထီလာမြို့သို့ သွားခဲ့ကြောင်း၊ ထို့နောက် အမြန်လမ်းတစ်နေရာအရောက်၌ ရဲတပ်သား ရဲရင့်အောင်မှ ယာဉ်မောင်းအား အသင့်ပါရှိလာသည့် သေနတ် (အတို) ဖြင့် ပစ်ခတ်၍ ယာဉ်မောင်း၏ ရုပ်အလောင်းအား စွန့်ပစ်ကာ မော်တော်ယာဉ်အား လုယူသွားခဲ့ခြင်းသည်ဟု စုံစမ်းသိရသည်။