
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ခတ္တာလမ်း အမှတ် (၂၃) ရှိ ရွိုင်ရယ်ခတ္တာဟိုတယ် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲသဖြင့် နိုင်ငံတော်က နစ်နာဆုံးရှုံးခဲသည့် ငွေကျပ် ၁၃၈ ဒသမ ၂၃၆ သန်းအား ပြန်လည်ပေးသွင်းစေပြီး ဟိုတယ်ပိုင်ရှင်နှင့် မန်နေဂျာတို့ကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရုံးချုပ်၊ ခရိုင်၊ မြို့နယ်ပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးစဉ် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ခတ္တာလမ်း အမှတ် (၂၃) ရွိုင်ရယ်ခတ္တာဟိုတယ်သည် လျှပ်စစ်မီးခိုးယူသုံးစွဲထားသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မီတာအား ချက်ချင်းဖြုတ်ယူသိမ်းဆည်းခဲ့ပြီး နိုင်ငံတော်က နစ်နာဆုံးရှုံးခဲ့သည့် ငွေကျပ် ၁၃၈ ဒသမ ၂၃၆ သန်းကို ပြန်လည်ပေးသွင်းစေရေးနှင့် လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် ပိုင်ရှင်ဖြစ်သူ ဦးထက်အောင်လှိုင်၊ ဦးကျော်ခိုင်တို့နှင့် မန်နေဂျာ ဦးနေမင်းအောင်တို့ကို စမ်းချောင်းမြို့မ ရဲစခန်းတွင် အမှုအမှတ် (ပ-၃၉၉/၂၀၂၆) ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရှိ Control Center များ၏ နည်းပညာအဆင့်မြှင့်တင်လာနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများ ပိုမိုဖော်ထုတ်လာနိုင်သည်နှင့်အမျှ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများအား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စည်းကမ်းတကျသုံးစွဲကြရန်နှင့် ဓာတ်အားခိုးယူသုံးစွဲမှုများတွေ့ရှိပါက Call Center များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။