
မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ တစ်ရက်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂ ရက် နံနက် ၇ နာရီ ၅၁ မိနစ်ခန့်က အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြား၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ ၂၀ ပေ ×၂၅ ပေ သွပ်မိုးနံကပ်၊ ပျဉ်ခင်း နှစ်ထပ်အဆောက်အဦ ၏အပေါ်ထပ် ဘုရားစင်ပေါ်တွင် ဖယောင်းတိုင်းဖြင့်မီးပူဇော်ထားရာမှ ဖယောင်းတိုင်းလဲပြီး ဘုရားစင်ပေါ်ရှိ တရားစာအုပ်များသို့ မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် ၂၀ ပေ ×၂၅ ပေ သွပ်မိုး နံကပ်၊ ပျဉ်ခင်း နှစ်ထပ်အဆောက်အဦ၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ပြီး အတွင်းပစ္စည်းများလည်း မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ်(၁၀) စီး၊ ရေသယ်ယာဉ်(၅) စီး၊ အုပ်ချုပ်မှုယာဉ် (၃) စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၃၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (ရဝ) ဦး၊ စုစုပေါင်း(၁၀၀) ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၆ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၈ နာရီ ၁၂ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီ ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၉ လမ်းနှင့် ၁၂ဝလမ်းကြား၊ ၇၃(C)လမ်း၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ၁၅ ပေ ×၃၀ ပေ သွပ်မိုး၊ ကျောက်ပြားကာ၊ အထပ်သားခင်း နှစ်ထပ် နေအိမ်အပေါ်ထပ် ဘုရားစင်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ထားရာမှ ဖယောင်းတိုင်လဲကျ၍ ဘုရားစင်အထပ်သားခင်းအားကူးစက်ကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ၁၅ ပေ ×၃၀ ပေ သွပ်မိုး၊ ကျောက်ပြားကာ၊ အထပ်သားခင်းနှစ်ထပ်၊ Scoopi (အပြာရောင်)ဆိုင်ကယ်တစ်စီး၊အတွင်းပစ္စည်းများလည်း မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်ရာသို့ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၂)စီး၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ယာတော်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ (စ)အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လောကပါလ အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၂)စီး၊ ချမ်းမြသာယာ အရန်မီးသတ်စခန်း မီးငြိမ်းသတ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၁၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၂၅)ဦး၊ အရန်တပ်ဖွဲ့ဝင် (၅၀)ဦးတို့ဖြင့်သွားရောက် ငြိမ်းသတ်ခဲ့ရာ နေ့ ၁၀ နာရီ ၁၅ မိနစ် အချိန် မီးထိန်းခဲ့ပြီး နေ့ ၁၀ နာရီ ၂၀ မိနစ်အချိန် မီးလုံးဝငြိမ်းခဲ့သည်။
မီးလောင်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး အမျိုးသမီးနှစ်ဦးအား သက်ဆိုင်ရာရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။